မြန်မာနိုင်ငံရှိ မိုခါ မုန်တိုင်းဘေးသင့် ပြည်သူများထံ အာဆီယံ နိုင်ငံများမှ ပေးပို့သည့် အကူအညီပစ္စည်းများတတိယအသုတ် လွှဲပြောင်းလက်ခံ

ရန်ကုန် မေ ၂၆

မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများထံသို့ အာဆီယံနိုင်ငံများမှ ပေးပို့သည့် စုစုပေါင်း အမေရိကန်ဒေါ်လာ ခန့်မှန်း ၅၃,၀၀၀ ကျော် တန်ဖိုးရှိ အရေးပေါ်အကူအညီပစ္စည်းများ တန်ချိန်စုစုပေါင်း ၁၆ တန်ခွဲကို သယ်ဆောင်လာသည့် World Cargo Airlines မှ လေယာဉ်သည် ယနေ့နံနက် (၁၁ နာရီ ၄၀ မိနစ်)က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။

ယခုတတိယအသုတ်အဖြစ် ရောက်ရှိလာသည့် အကူအညီပစ္စည်းများကို သဘာဝဘေးဆိုင်ရာ လူသားချင်းစာနာမှုအကူအညီများအတွက် အာဆီယံညှိနှိုင်းရေးဌာန (AHACenter)တာဝန်ရှိသူများရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနမှ တာဝန်ရှိသူများထံ လွဲပြောင်းပေးအပ်ခဲ့ပြီး ၊မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ဆက်လက်ပေးပို့နိုင်ရေး လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။

လာမည့်ရက်များတွင်လည်း အာဆီယံနိုင်ငံများ၏သဘာဝဘေးကူညီရေးပစ္စည်းများ ဆက်လက်ရောက်ရှိလာနိုင်ရန်ရှိပြီး ပထမအသုတ် ဒုတိယအသုတ် ယခုတတိယအသုတ်အပါအဝင် အကူအညီ စုစုပေါင်း၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၆၅ သန်းခန့်ရှိမည်ဟု သိရှိရသည်။ အဆိုပါပစ္စည်းများကို အာဆီယံ အရေးပေါ်ထောက်ပံ့မှုအစီအစဉ် (Disaster Emergency Logistics System) ၏ မလေးရှားနိုင်ငံ ဆူဘန်းမြို့ နှင့် ထိုင်းနိုင်ငံ ချိုင်နတ်မြို့တို့ရှိ ဂိုဒေါင်များမှတစ်ဆင့် ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားတပ်မတော်လေယာဉ်များဖြင့် စုစုပေါင်း ၁၉ ခေါက်ခန့် ကူညီသယ်ယူ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အာဆီယံ၏ One ASEAN, One Response မူအရ အာဆီယံနိုင်ငံများမှ မုန်တိုင်းဒဏ်သင့် ပြည်သူများထံ ပေးအပ်လှူဒါန်းထောက်ပံ့ခြင်းဖြစ်ပြီး၊ နိုင်ငံတော်အစိုးရအနေဖြင့် ကယ်ဆယ်ရေးနှင့် အကူအညီများ ပံ့ပိုးရာတွင် ဘေးသင့်ပြည်သူတစ်ဉီးတစ်ယောက်မျှ မကျန်ရှိစေရေးမူကို လက်ကိုင်ထား၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၏ ကြီးကြပ်မှုနှင့် တိုင်း​ဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ဝန်ကြီးဌာနအသီးသီးနှင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး၊ AHA Centre၊ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Total Views ~ 184

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43497

© 2022 - 2025 News. All Rights Reserved.