ရန်ကုန်၊အောက်တိုဘာ ၃
ရိုးမဘဏ်၏ နှစ် (၃၀) ပြည့် ပုလဲရတု အထိမ်းအမှတ်အနေဖြင့် MSME နှင့် Start-up လုပ်ငန်းများအတွက် “Grow Together BizPitch” အစီအစဉ်တွင်ရွေးချယ်ခံရသည့် လုပ်ငန်းအား ကျပ်သိန်း ၅၀၀ စီဆုချီးမြင့်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အစီအစဉ်သည် ပြည်တွင်းရှိ MSME နှင့် Start-up လုပ်ငန်းများကို လက်တွဲမြှင့်တင်ရန်၊ ထောက်ပံ့ကူညီပေးရန်နှင့် စီးပွားရေးအခန်းကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုဖို့အတွက် ရည်ရွယ်ကြောင်းသိရသည်။ ရိုးမဘဏ်၏ Head of SME Banking ဖြစ်သူ မမေစန္ဒီသိန်းဇော် က “ရိုးမဘဏ်ရဲ့ နှစ် (၃၀) ပြည့် ပုလဲရတု အထိမ်းအမှတ်အနေနဲ့ ဒီအစီအစဉ်ကို အကောင်အထည်ဖော် ဖြစ်ခဲ့တာအတွက် အထူးပဲဝမ်းမြောက်မိပါတယ်။ BizPitch အစီအစဉ်ကနေ တစ်ဆင့် အလားအလာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးပေးပြီး ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို အတူဖန်တီးပေးဖို့ရိုးမဘဏ်အနေနဲ့ စိတ်အားထက်သန်လျက်ရှိပါတယ်။
အနာဂတ်မှာလည်း ကျွန်မတို့ ရိုးမဘဏ်က MSME နဲ့ Start-up လုပ်ငန်းတွေ တိုးတက်လာမှုကနေ တစ်ဆင့် မြန်မာနိုင်ငံမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းကို ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝနဲ့ အနာဂတ်တွေကို ပိုင်ဆိုင်စေဖို့ တစ်ဖက်တစ်လမ်းကနေ အစဉ်တစိုက် ကူညီထောက်ပံ့ပေးသွားမှာပါ” ဟု ပြောကြားခဲ့သည်။ "Grow Together BizPitch" အစီအစဉ်အရ လျှောက်လွှာများကို ပရိုဂရမ်ဒါရိုက်တာနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက စိစစ်သုံးသပ်မည်ဖြစ်ပြီး အရည်အချင်းပြည့်မီသော လုပ်ငန်းစုစုပေါင်း (၂၀၀) ကို ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ယင်း လုပ်ငန်းစုစုပေါင်း (၂၀၀) ထဲမှ ပရိုဂရမ် ဒါရိုက်တာနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ဝင် ဆန်ခါတင် လုပ်ငန်း (၃၀) ကို ထပ်မံရွေးချယ်သွားမည်ဖြစ်ကာ၊ယင်းဆန်ခါတင် လုပ်ငန်း (၃၀) ၏ တင်ပြချက်များနှင့် လုပ်ငန်းအဆိုပြုချက်များအပေါ် အခြေခံ၍ ပရိုဂရမ် ဒါရိုက်တာနှင့် စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များက နောက်ဆုံးဆုရရှိမည့် လုပ်ငန်း (၄) ခုကို ထပ်မံရွေးချယ် သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်း (၄) ခုအား ရိုးမဘဏ်က လုပ်ငန်းတစ်ခုစီအတွက် လုပ်ငန်းရင်းနှီးမြှပ်နှံရန် ဆုကြေးငွေ ကျပ် သိန်း (၅၀၀) စီ ပေးအပ်သွားမည်ဖြစ်ကြောင်းထို့အပြင် လုပ်ငန်းအမျိုးအစားပေါ်မှုတည်၍ ဆုကြေးငွေသုံးစွဲမှုကို သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ “Grow Together BizPitch” အစီအစဉ်၏ ပရိုဂရမ်ဒါရိုက်တာဖြစ်သူ ဦးစိုးဟိန်းက “MSME နဲ့ Start-up တွေဖွံ့ဖြိုးတိုးတက်မှုတွေကို လုပ်ဆောင်ပေးတဲ့ အခုလိုမျိုး အစီအစဉ်မျိုးကို ကြိုဆိုပါတယ်။
ကျွန်တော့်အနေနဲ့လည်း အစီအစဉ်တစ်လျှောက်မှာ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ အကြံဉာဏ်တွေကို ပေးသွားမှာဖြစ်ပါတယ်။ ပါဝင်တဲ့ လုပ်ငန်းတွေအနေနဲ့လည်း ဆုမရရှိခဲ့ရင်တောင် ရရှိခဲ့တဲ့ ဗဟုသုတတွေအပေါ် မူတည်ပြီး မိမိတို့လုပ်ငန်းအတွက် အကျိုးရှိရှိအသုံးချကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောကြားခဲ့ပါသည်။
ယခု အစီအစဉ်တွင် MSME နှင့် Start-up လုပ်ငန်းများ ပိုမိုပါဝင်နိုင်ရန်၊ လုပ်ငန်းများအချင်းချင်း ချိတ်ဆက်နိုင်ရန်၊ စီးပွားရေး အခွင့်အလမ်းများ ပိုမိုအားကောင်းစေရန်၊ "Grow Together BizPitch" အစီအစဉ်အကြောင်း ပိုမိုသိရှိစေရန်၊ စီးပွားရေးအကြံဉာဏ်နှင့် အသိပညာပေးလုပ်ငန်းများ မျှဝေပေးရန်အတွက် ရိုးမဘဏ်နှင့် စီးပွားရေးအကြံပေးပညာရှင်များက ဤအစီအစဉ်တွင် ပါဝင်လျှောက်ထားနိုင်သော ကာလအတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် ပုသိမ်မြို့ကြီးများတွင် ဟောပြောပွဲများ ပြုလုပ်ကျင်းပသွားမည်ဖြစ်သည့်အပြင် စိတ်ဝင်စားသူများပါ တက်ရောက်နိုင်ရန်အတွက် Online ဟောပြောပွဲများနှင့် ရေဒီယိုစကားဝိုင်းများကိုလည်း ထည့်သွင်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။