Breaking

မြန်မာနိုင်ငံအတွက် ပထမဦးဆုံးရွှေတံဆိပ်ဆု ဆွတ်ခူးရယူပေးနိုင်ခဲ့သော ပိုက်ကျော်ခြင်းအသင်းကို နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ (၁၀၀၀) ပေးအပ်ချီးမြှင့်

၂၀၂၃ အောက်တိုဘာ ၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံးရွှေတံဆိပ်ဆု ဆွတ်ခူးရယူပေးနိုင်ခဲ့သော မြန်မာပိုက်ကျော်ခြင်းအသင်းကို နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ (၁၀၀၀) ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ဒေသစံတော်ချိန် (၉)နာရီတွင် ကျင်းဟွာမြို့ Jinhau Sports Center ၌ ကျင်းပသည့် ပိုက်ကျော်ခြင်းအားကစားနည်းပြိုင်ပွဲ၏ အမျိုးသား(၄) ယောက်တွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက ပထမပွဲတွင် ရမှတ် (၂၁)မှတ်၊ (၁၃)မှတ်၊ ဒုတိယပွဲတွင် ရမှတ် (၂၄)မှတ်၊ (၂၂)မှတ်ဖြင့် (၂)ပွဲပြတ်အနိုင်ရရှိကာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာအသင်းက ပထမ၊ အင်ဒိုနီးရှားအသင်းကဒုတိယ၊ ဂျပန်အသင်းနှင့် ဖိလစ်ပိုင်အသင်းတို့က ပူးတွဲတတိယဆုရရှိခဲ့ကြောင်း သိရသည်။

ယနေ့တွင် အခြားကစားနည်းဖြစ်သော နဂါးလှေလှော်(Dragon Boat)အားကစားနည်းမှ အမျိုးသား မီတာ(၂၀၀)ပြိုင်ပွဲတွင် တရုတ်အသင်းက ပထမ၊ ထိုင်းအသင်းက ဒုတိယ၊ အင်ဒိုနီးရှားအသင်း က တတိယနှင့် မြန်မာအသင်းက စတုတ္ထ၊ အမျိုးသမီး မီတာ(၂၀၀)ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၉)သင်း ဝင်ရောက်ယှဉ်ပြိုင်ရာ တရုတ်အသင်းက ပထမ၊ အင်ဒိုနီးရှားအသင်းက ဒုတိယ၊ ထိုင်းအသင်း က တတိယနှင့် မြန်မာအသင်းက စတုတ္ထဖြင့် အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့သည် မနက်ဖြန် (အောက်တိုဘာလ ၅) ရက်တွင် ပိုက်ကျော်ခြင်းအားကစားနည်း အမျိုးသား (၃)ယောက်တွဲ၊အမျိုးသမီး (၃)ယောက်တွဲ၊ နဂါးလှေလှော်(Dragon Boat)အားကစားနည်း အမျိုးသား မီတာ(၅၀၀) ပြိုင်ပွဲနှင့် အမျိုးသမီး မီတာ(၅၀၀)ပြိုင်ပွဲများတွင်လည်း ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

Total Views ~ 173

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43827

© 2022 - 2025 News. All Rights Reserved.