ရန်ကုန်၊ စက်တင်ဘာ ၂၅
မြန်မာနိုင်ငံအနေဖြင့် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်း ချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine) တိုက်ကျွေး ခြင်းလုပ်ငန်းသည် အခြားရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများနှင့်အတူ ထိရောက်သော ရောဂါကာကွယ်ထိန်းချုပ်တုံ့ ပြန်ရေးလုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ တစ်ဆင့် International Coordinating Group ထံ အဆိုပြုလွှာ တင်သွင်းခဲ့ရာ အမေရိကန်ဒေါ်လာလေး သန်းကျော်တန်ဖိုးရှိ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေး (Oral Cholera Vaccine) (2451867) doses ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်က လက်ခံရရှိပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး (OCV) တိုက်ကျွေးခြင်း လုပ်ငန်းကို စက်တင်ဘာ ၂၂ရက်က လှိုင်သာယာ မြို့နယ်တွင် စတင်တိုက်ကျွေးခဲ့ကြောင်း သိရသည်။
စတင်တိုက်ကျွေးသည့် အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကျန်းမာရေးဝန် ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆေးရုံ အုပ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုးချဲ့ကာကွယ် ဆေးထိုး လုပ်ငန်းတို့မှ တာဝန်ရှိသူများ၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့(NITAG) အဖွဲ့ဝင်များ၊ UNICEF WHO IFRC MSF (Switzerland နှင့် Holland)၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ နှီးနွှယ်ဌာနများ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ ပြည်သူလူထုအခြေပြု အဖွဲ့ အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများသော မြို့နယ် ၃၅ မြို့နယ်မှ ရောဂါဖြစ်ပွားနိုင်ခြေရှိသော နေရာများတွင် နေထိုင်လျက်ရှိသည့် အသက် (၁)နှစ်အထက် ပြည်သူလူထုအား တိုက်ကျွေးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအပြင် ပြင်း ထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်ခြေရှိသည့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များရှိ ပြည်သူလူထုအား တိုက်ကျွေးနိုင်ရန်အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထူးမြတ်