ရန်ကုန်၊ ဧပြီ ၂၃
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကို ပြည်သူပြည်သား များအားလုံးပါဝင်၍ စည်ကားသိုက်မြိုက်စွာဖြင့် ဆင်နွှဲနိုင်ခဲ့သည်ကိုတွေ့ရပြီး အားလုံးပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲနိုင်ခဲ့ကြသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ လာမည့် အတာနှစ်သစ်ကူး အခါသမယများတွင်လည်း ယခုကဲ့သို့တိုင်းသူပြည် သားများအားလုံး ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲနိုင်ရေး ဆက်လက်ထိန်းသိမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးအမှတ်စဉ် (၄/၂၀၂၄)ကို နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြော ကြားရာတွင်အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ အစိုးရ၏ အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ပေါများရေးပင် ဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ တည်ငြိမ်အေးချမ်းမှုရှိပြီး ပြည်သူ ပြည်သားများအားလုံး တရားဥပဒေစိုးမိုးမှု အောက်တွင် အေးချမ်းသာယာစွာဖြင့် နေထိုင်နိုင်ခြင်း၊ ပညာသင်ကြားနိုင်ခြင်း၊ အလုပ်အကိုင်များ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း ပင်ဖြစ်ကြောင်း၊ စားရေရိက္ခာ ပေါများရေး အနေဖြင့် နိုင်ငံတော်တွင် လူတစ်ဦးချင်းစီသည် အခြေခံဝင်ငွေဖြင့်ပင် စိတ်အေးချမ်းသာစွာ နေထိုင်စားသောက်နိုင်ခြင်းပင် ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံအတွင်းတည်ငြိမ် အေးချမ်းပြီးတရား ဥပဒေ စိုးမိုးမှုရှိစေရေး၊ စားသောက်ကုန်များနှင့် အခြေခံလူသုံးကုန်ပစ္စည်းများ သင့်တင့်မျှတသည့် ဈေးနှုန်းများ ဖြစ်စေရေးနှင့် နိုင်ငံ၏ငွေကြေးတန်ဖိုးများ ခိုင်မာစေရေး နိုင်ငံတော်အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့အပြင် နိုင်ငံ့စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့နိုင်ငံတွင် မြေခံရေ ခံကောင်းများနှင့် လူသားအရင်းအမြစ်များရှိပြီးဖြစ်ကြောင်း၊ သို့သော် စီးပွားရေးအရ ပိတ်ဆို့ခြင်း၊ ကုန်သွယ်ရေး လမ်းကြောင်းများအား ပိတ်ဆို့ခြင်းနှင့် တည် ငြိမ်အေးချမ်းမှုပျက်ပြားအောင် ဆောင်ရွက်၍ ကုန်စည်စီးဆင်းမှုများ နှောင့်နှေးပိတ်ဆို့အောင် ဆောင်ရွက်နေခြင်းများကြောင့် အခက်အခဲအချို့ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍အဆိုပါအချက်များကို ကျော်လွှားနိုင်မည်ဆိုပါက ကုန်သွယ်မှုများ ကောင်းမွန်လာပြီး နိုင်ငံ့စီးပွားပိုမိုတိုးတက်ကာ ငွေကြေးတန်ဖိုးများလည်း တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် ထိုက်သင့်သည့်ငွေကြေးတန်ဖိုးတွင် တည်ငြိမ်နေရန် လိုကြောင်းဖြည့်စွက်ပြောကြားခဲ့သည်။