၂၀၂၃ ၊ ဒီဇင်ဘာ ၂၇
တပ်မတော်(ရေ)ကိုတည်ဆောက်ရာတွင် အဆင့်လိုက် မျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ပထမအဆင့် ဖြစ်သည့် မြန်မာ့ပင်လယ်ပြင်သီးသန့် စီးပွား ဇုန်အား အပြည့်အဝကာကွယ်နိုင်သည့် သုံးဖက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင် အသင့်ရေတပ် (Three Dimensional Com-bat Ready Navy )အဖြစ် ခြေလှမ်းသစ်တစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ အင်အားဖြန့်ကြက် နိုင်စွမ်းရှိသည့်ရေတပ် (Adjacent Force Projection Navy/ Regional Navy) အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
(၇၆) နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့တွင် နိုင်ငံတော်၏ ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန် အားအပြည့်အ၀ ကာကွယ်စောင့်ရှောက်ရန်အတွက် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းနှင့် မြန်မာနိုင်ငံကမ်းခြေ စောင့်တပ်ဖွဲ့သို့ စစ်ရေယာဉ်များ လွှဲပြောင်းတပ်တော်ဝင်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက်က ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပခဲ့ရာ ကမ်းလွန်ကင်းလှည့်ရေယာဉ် တစ်စင်း၊ ကမ်းခြေစောင့် တိုက်ရေယာဉ်နှစ် စင်း တပ်တော်ဝင်ခဲ့ကြောင်း သိရသည်။
အခမ်းအနား အစီအစဉ်အရ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က တပ်တော်ဝင် စစ်ရေယာဉ်ဆိုင် ရာ အချက်အလက်များအား ရှင်းလင်းတင် ပြခဲ့ပြီး ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူးကဗျူဟာ စစ်ရေယာဉ်စုမှူးထံ စစ်ရေယာဉ်များနှင့် ပတ်သက်သော စာရွက်စာတမ်းများ၊ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်မှူးက မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်ထံ တပ်မတော်(ရေ)မှ လွှဲပြောင်းပေးအပ်သည့် စစ်ရေယာဉ်များနှင့် ပတ်သက်သော စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ဒုတိယတပ်မ တော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အခမ်းအနားသည် တပ်မတော်(ရေ)၏ (၇၆)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အခမ်းအနားဖြစ်သကဲ့သို့ တပ်မတော်(ရေ)အတွက် ၃၃ မီတာ ကမ်းထိုးတိုက်ရေယာဉ် နှစ်စင်း၊ ပြည်ပမှ နည်းပညာလွှဲပြောင်းခဲ့ပြီး တပ်မ တော်(ရေ)က ကိုယ်တိုင်တည်ဆောက်ခဲ့သည့် သတ္တမမြောက်နှင့် အဋ္ဌမမြောက် ၂၇ မီတာ Super Dvora အမြန်သွား ကင်းလှည့်ရေ ယာဉ်နှစ်စင်း၊ မြစ်တွင်းသွားကင်း လှည့်ရေယာဉ်တစ်စင်းတို့ တပ်တော်ဝင်အခမ်း အနားဖြစ်သည့်အပြင် ကမ်းခြေစောင့်တပ်ဖွဲ့ကို ကမ်းလွန်ကင်းလှည့်ရေယာဉ် တစ်စင်း၊ ကမ်းခြေစောင့် တိုက်ရေယာဉ်နှစ်စင်း လွှဲပြောင်းပေးသည့် အခမ်းအနားဖြစ်သည့်အတွက် တပ်မတော်(ရေ)နှင့် ကမ်းခြေစောင့် တပ်ဖွဲ့တို့အတွက် ထူးခြားလေးနက်သည့် စွမ်းအားတစ်ရပ်ကို ထပ်မံဖြည့်ဆည်းပေးနိုင်သည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ အင်အား ဖြန့်ကြက်နိုင်စွမ်းရှိသည့် ရေတပ် (Adjacent Force Projection Navy/ Regional Navy) ဖြစ်ရန် ပင်လယ်ပြင်တွင် ရေရှည်ရပ်တည် နိုင်စွမ်းရှိပြီး တိုက်စွမ်းအား ပြည့်ဝသည့် စစ်ရေယာဉ်ကြီးများရှိမှသာ အကောင်အ ထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ဒုတိယအဆင့် ရည်မှန်းချက်ကို ပြည့်မီရန် ဒေသတွင်း အင်အား ဖြန့်ကြက်နိုင်စွမ်းရှိသည့် စစ်ရေယာဉ်ကြီးများကို ဆက်လက်တည် ဆောက်သွားရမည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံ၏ ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုး စီးပွားများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ တတိယအဆင့် ရေရှည်မျှော်မှန်းချက် အနေဖြင့် မိမိအကျိုးစီးပွားများ ဆက်စပ်တည်ရှိရာ ရေပြာသို့ အင်အားပို့လွှတ်နိုင်သည့် ရေတပ် (Blue Water Navy Ambition)အဖြစ် မျှော်မှန်း တည်ဆောက်သွား မည် ဖြစ်ကြောင်း ပြောကြားသည်။
တပ်မတော်(ရေ)၏ ရည်မှန်းချက် အဆင့်တိုင်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုက်စွမ်းရည်မြင့်မားသည့် စစ်ရေယာဉ်များလိုအပ်သလို အဆိုပါ စစ်ရေယာဉ်များကို ကိုင်တွယ်မောင်းနှင်နိုင်မည့် တိုက်စွမ်းရည်ပြည့်ဝသော ရေတပ်စစ် သည်တော်များဖြစ်စေရေး အမြဲတမ်းလေကျင့်နေရန် လိုအပ်မည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။