Breaking

မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်အကြို အထိမ်းအမှတ် စွန်ဖြတ်အားကစားပြိုင်ပွဲ ကျင်းပမည်   

၂၀၂၄ ၊ မတ် ၂၀
    မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ ချုပ်မှကြီးမှူးကျင်းပမည့် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်အကြိုအထိမ်းအမှတ် စွန်ဖြတ် အားကစားပြိုင်ပွဲကို ဧပြီလပထမအပတ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မတ် ၁၇ ရက် က ရန်ကုန်မြို့ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာအဖွဲ့ ချုပ် သာသနာ့ဗိမာန်၌ ပြုလုပ်သည့် မြန်မာ နိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်အလုပ်အမှုဆောင် အစည်းအဝေးမှ သိရသည်။
    အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းလင်းသောင်းက "ကျွန်တော်တို့ ကိုဗစ်မတိုင်ခင် ကာလက နှစ်စဉ်အဖွဲ့ ချုပ်က စွန်အားကစား ပြိုင်ပွဲကိုတစ်ဦးချင်း၊ အဖွဲ့လိုက်၊ အဝေး လွှတ်၊ ရိုးရာအလှပြိုင်ပွဲများ ကျင်းပခဲ့ပါတယ်။ နောက်ပိုင်းမှာ ရိုးရာစွန်အလှကျင်းပ ဖို့အခက်အခဲတွေ ဖြစ်လာတယ်။ အလှစွန်က ဝါးနဲ့လုပ်ရ တဲ့အတွက် ထုတ်လုပ်နိုင်တဲ့ပညာရှင်တွေ နည်းသွားတယ်။ ဒါကြောင့် ရိုးရာအလှစွန် တိမ်ကောလာတယ်"ဟု ပြောကြားခဲ့ သည်။
    မြန်မာ့ရိုးရာအားကစားနည်းများ ဖော်ထုတ်ကာ နိုင်ငံတကာရိုးရာ အားကစားနည်းများနှင့် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်ရန် မြန်မာ့ရိုးရာစွန်အလှနှင့် စွန်ဖြတ်ပြိုင်ပွဲကို ယခင်က နှစ်စဉ်ကျင်းပခဲ့သော် လည်း ကိုဗစ် -၁၉ ရောဂါနှင့် အကြောင်းအမျိုးမျိုးကြောင့်  ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ ယခု ၂၀၂၄ ခုနှစ် တွင် ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
    ယခင်ပြိုင်ပွဲများတွင် တာမွေ၊ မြောက်ဒဂုံ၊ ရန်ကင်း၊ သာကေတ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ လှိုင်သာယာတို့မှ ကစားသမား ၁၀၀ ကျော် နှစ်စဉ်ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း၊ ယင်းပြိုင်ပွဲကို ဧပြီ ၆ ရက်၊ ၇ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

Total Views ~ 200

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43966

© 2022 - 2025 News. All Rights Reserved.