ရန်ကုန်၊ ဧပြီ ၁
မြန်မာနိုင်ငံမှ AJ Myanmar Co., Ltd နှင့် တရုတ်နိုင်ငံမှ Kunming Aosidi International Trade Co., Ltd တို့ ပူပေါင်း၍ မြန်မာကုန်သွယ်ရေးစင်တာ ကူမင်းမြို့တွင် ဖွင့်လှစ်လိုက်ပြီး စင်တာအနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုဖလှယ်ရေးလုပ်ငန်းများကို ဦးတည်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စင်တာသည် မြန်မာနိုင်ငံ မှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု တိုးတက်ရေး၊ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာစေရေးတို့ကို အဓိကထား၍ အထူးကြိုးပမ်း ဆောင်ရွက် မည်ဖြစ်ပြီး မြန်မာ့ထုတ်ကုန်များကို မိတ်ဆက်ပြသခြင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းများကို မိတ်ဆက်ပြသ၍ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှချမှတ်ထားသော မူဝါဒများနှင့်အညီ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် စီးပွားရေးဌာန ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၏ ကြီးကြပ်မှု၊ ယူနန်ပြည်နယ် ကူမင်းမြို့ ပြည်သူ့အစိုးရ၊ ကွမ်တုရပ်ကွက်ပြည်သူ့အစိုးရ၊ China (Yunnan) Pilot Free Trade Zone International Trade Enterprise Cluster Park တို့၏ ပံ့ပိုးမှုဖြင့် ယူနန်ပြည်နယ် ကူမင်းမြို့ ကွမ်းတုရပ်ကွက် China (Yunnan) Pilot Free Trade Zone ၌ မြန်မာကုန်သွယ် ရေးစင်တာ(ကူမင်းမြို့) (Myanmar Trade Center, Kunming) ကို ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်တွင် ဖွင့်လှစ်ခဲ့ရာ ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့် စီးပွားရေးသံမှူး ဦးလျန်ရှန်းမုန်တို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာကုန်သွယ်ရေးစင်တာ (ကူမင်းမြို့)ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန် ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် စီးပွားရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Tang Wai၊ ယူနန်ပြည်နယ် ကူမင်းမြို့ပြည်သူ့ အစိုးရမှ ဒုတိယမြို့တော်ဝန်၊ ကွမ်တုပြည်သူ့အစိုးရမှ ညွှန်ကြား ရေးမှူး၊ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ ကိုယ်စား လှယ်များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ တရုတ်နိုင်ငံမှ အစိုးရ ကိုယ်စားလှယ်များ၊ ကုန်သည်လုပ်ငန်းရှင် များ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြသည်။