မြန်မာ-နီပေါ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရန် နှစ်နိုင်ငံဆွေးနွေး

၂၀၂၄ ဩဂုတ် ၂၈
    မြန်မာ-နီပေါ နှစ်နိုင်ငံအကြား  တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရေး၊ ခရီးသွားလုပ်ငန်း၊ နည်းပညာဝန်ဆောင်မှု၊ ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံ၊ ကျန်းမာရေးနှင့် ပညာရေး၊ ယဉ်ကျေးမှု၊ ပြည်သူအချင်းချင်း ဆက်သွယ်မှုစသည့် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိသည်။
    သြဂုတ် ၂၆ ရက်က နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည်  နီပေါ-မြန်မာ စက်မှုလက်မှုကုန်သည်ကြီးများ အသင်းမှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ခတ္တမန္ဒူမြို့ရှိ မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပြီး ဆွေးနွေးရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
    နီပေါနိုင်ငံ လုမ္ဗိနီအနီး ဂေါတမဗုဒ္ဓအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ မြန်မာနိုင်ငံကို တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲပေးမည်ဆိုပါက နှစ်နိုင်ငံကြား ထိတွေ့ဆက်ဆံမှု ပိုမိုတိုးမြှင့်နိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ နီပေါသံရုံး၊ တာဝန်ခံ မစ္စတာ ကူးမန်းစင်တမန်က  ၂၀၂၂ ခုနှစ်တွင် အကြံပြုပြောကြားထားသည်။
    နီပေါနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ပင်ထားသည့် နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေကို ၂၀၂၂ ခုနှစ် အစပိုင်းကဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည့်အတွက် ယင်းနှစ်မေလကတည်းက ဂေါတမဗုဒ္ဓ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဘုရားဖူး ပြည်သူတွေလာရောက်လည်ပတ်နေကြသည့်အတွက် နီပေါနိုင်ငံ လုမ္ဗိနီဒေသမှ မြန်မာနိုင်ငံကို တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရန် ဆောင်ရွက်မည်ဆိုပါက လေယာဉ်ခနှင့် ခရီးသွားချိန်ကို လျှော့ချပြီး ခရီးသွားဦးရေ တိုးလာနိုင်ကြောင်း ခရီးသွားလုပ် ငန်းရှင်များက သုံးသပ်သည်။
    နီပေါနိုင်ငံရှိ လုမ္ဗိနီအင်ကြင်း ဥယျာဉ်မှာ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဂေါတမမြတ်စွာဘုရား ဖွားမြင်ရာဒေသဖြစ်သည့်အတွက် မြန်မာနိုင်ငံသားများ သွားရောက်ဖူးမြော်ကြည်ညိုမှု အများဆုံးဒေသဖြစ်သည်။
ထူးမြတ်

Total Views ~ 297

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43810

© 2022 - 2025 News. All Rights Reserved.