၂၀၂၄ ၊ ဇန်နဝါရီ ၁၀
မြဝတီ ကုန်သွယ်ရေးဇုန်မှ တင်ပို့၊ တင်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် မြဝတီကုန်သွယ်ရေးဇုန်မှ တင်ပို့၊ တင်သွင်းလိုင်စင်ရကုန်များကို မြန်မာ-ထိုင်း နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ပြောင်း လဲတင်ပို့ခွင့်ပြုကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဆင့် နယ်စပ်မှ တင်ပို့ရန် ပို့ကုန်လိုင်စင် ခွင့်ပြုချက်ရရှိပြီး သော ပစ္စည်းများအား မြန်မာ-ထိုင်းနယ်စပ် ရှိ အခြားမည်သည့် ကုန်သွယ်ရေးစခန်းမှာမ ဆို စခန်းပြောင်းလဲ တင်ပို့ခွင့်ပြုပေးသွားမည် ဖြစ်သကဲ့သို့ ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း ပြောင်းလဲခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေး ထုတ်ပြန်ကြေညာထားသည်။
သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက် မတိုင်မီ မြဝတီကုန်သွယ်ရေးဇုန်မှ တင်သွင်းရန်အတွက် သွင်းကုန်လိုင်စင် ခွင့်ပြုချက်ရရှိပြီးသော ကုန်ပစ္စည်းများအား မြန်မာ-ထိုင်းနယ် စပ်ရှိ အခြားမည်သည့် ကုန်သွယ်ရေးစခန်းမှ မဆို စခန်းပြောင်းလဲ ခွင့်ပြုပေးသွားမည်ဖြစ် ကြောင်း၊ ထို့ပြင် ပင်လယ်ရေကြောင်းမှ တင်သွင်းလိုပါက ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှု လုပ်ငန်းသုံးစက်ပစ္စည်းများနှင့် ကွန်တိန်နာ ဖြင့် သယ်ဆောင်ရသည့် စက်မှုကုန်ကြမ်း ပစ္စည်းများကို ကိစ္စရပ်တစ်ခုချင်း အပေါ် မူတည်၍ စိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ တင်ပို့သည့် ကုန်စည်များထဲတွင် CMP ၊ လယ်ယာထွက်ကုန် ပစ္စည်းများ၊ ရေထွက်ကုန် ပစ္စည်းများသည် အဓိက ပို့ကုန်အမယ်များဖြစ်ပြီး ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ စက်နှင့် စက်အပိုပစ္စည်းများ၊ ဆေးဝါး၊ စက်ရုံသုံး ကုန်ကြမ်းပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စားသောက်ကုန်ပစ္စည်း၊ အလှကုန်များနှင့် လျှပ်စစ်ပစ္စည်းများ အစရှိသည့် ကုန်စည်များကို ပြန်လည်တင်သွင်းလျက်ရှိကြောင်း၊ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုအနေဖြင့် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင် စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပြုလုပ် နေခြင်းဖြစ်ကြောင်း သိရသည်။