ယာယီ နေရပ်စွန့်ခွာသော ကျောင်းသား ကျောင်းသူ ၁၂၀ ကျော်ကို အခမဲ့ပညာဒါန ပြုမည်ဟု တောင်ပုလ ဆရာတော်မိန့်ကြား

ရန်ကုန်၊ မေ ၁၄
    ယာယီနေရပ်စွန့်ခွာပြီး ပညာသင်ကြားရေး အခက်အခဲဖြစ်နေသော G-10, G-11, G-12 ကျောင်းသူ ကျောင်းသားများကို တောင်ပုလ တောင်တော်မှ(၂၀၂၅-၂၆) ပညာသင်နှစ်မှစတင်၍ အခမဲ့ပညာဒါန ကုသိုလ်ပြုမည်ဖြစ်ပြီး စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၂၀ ခန့်ကို ပညာဒါနပြုရန်လျာထားကြောင်း တောင်ပုလဆရာတော်မှ မိန့်ကြားသည်။
    အဆိုပါ အခမဲ့ပညာဒါနကို ရယူလိုသူများအနေဖြင့် ယာယီနေရပ်စွန့်လာပြီး ကျောင်းတက်ရန်အတွက် အမှန်တကယ်  အခက်အခဲဖြစ်နေသူများသာ ဖြစ်ရန်လိုပြီး ပြင်ဦးလွင်မြို့ ဝက်ဝံအခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းအပ်နှံပေးမည်ဖြစ်ကြောင်း သိရသည်။ ပညာသင်နှစ် တစ်လျှောက်လုံးအတွက် ကျောင်းဝတ်စုံ၊ ကျောင်းစရိတ်နှင့် အစားအသောက်အတွက် တောင်ပုလမှတာဝန်ယူမည်ဖြစ်ပြီး နေ့စဉ် တောင်ပုလမှ ကျောင်းသို့ အသွား၊ အပြန် အကြိုအပို့ကို တောင်ပုလ မော်တော်ယာဉ်များဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
    "အဓိကကတော့ ကျောင်းထွက် လက်မှတ် ဒါမှမဟုတ် အထောက်အထားတစ်ခုနဲ့ ယာယီနေရပ်စွန့်ခွာလာသူဖြစ်ရင် ရပါပြီ။ ပညာဒါနအတွက် အဆောင်တွေလည်း ဆောက်လုပ်ထားတော့ ကနဦး တစ်တန်းကို အယောက် ၄၀ နဲ့ စုစုပေါင်း ၁၂၀ လောက်ကို လက်ခံပြီး ပညာဒါနပေးသွားဖို့ ရှိပါတယ်။ နောက်ပြီး ဆရာတော်တို့ကို ကူညီပေးမယ့် ဆရာဆရာမတွေရှိတာကြောင့် ဘာသာစကား သင်တန်းတွေ ပို့ချမယ်။နောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းက အစ ဆောင်ရွက်ပေးဖို့ရှိပါတယ်"ဟု တောင်ပုလဆရာတော်က မိန့်ကြားသည်။
    အခမဲ့ပညာဒါနအတွက် ကျား၊ မ အဆောင်များ သီးခြားထားရှိ၍ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ဆရာမများက အနီးကပ် ကြီးကြပ်၍ ထပ်မံသင်ကြားပေးမည်ဖြစ်သလို နိုင်ငံခြားဘာသာစကား၊ အင်္ဂလိပ်နှင့် ဂျပန်ဘာသာစကားများကို သီးခြားသင်ကြားပေးမည်ဟု သိရသည်။ ယဉ်ကျေးလိမ္မာ သင်တန်းနှင့် ဗုဒ္ဓဘာသာသင်တန်းများလည်း တက်ရောက်ရမည်ဖြစ်ကာ ထူးချွန်ကျောင်းသားကျောင်းသူများကိုလည်း အဆင့်မြင့်ပညာ ဆက်လက်သင်ကြားခွင့်နှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကိုလည်း သီးခြား သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
    ပညာသင်ကြားမည့်သူများအနေဖြင့် တောင်ပုလက ချမှတ်ထားသော စည်းကမ်းချက်များနှင့် အထက်တန်းကျောင်း၏ သတ်မှတ်စည်းကမ်းများကို တိကျစွာလိုက် နာရမည်ဖြစ်ကာ ကျောင်းအပ်နှံလိုသူများသည် မိဘကိုယ်တိုင်လာရောက်၍ မေ ၃၀ ရက်မတိုင်မီ လာရောက်တွေ့ဆုံအပ်နှံကြရမည်ဖြစ်ပြီး ဖုန်းနံပါတ်-၀၉၂၅၀၉၈၉၆၀၀၊ ၀၉-၉၅၉၁၀၉၉၉၉ တို့ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43782

© 2022 - 2025 News. All Rights Reserved.