ရခိုင်တိုင်းရင်းသားများ ပါတီကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြု

ရန်ကုန်၊ ဇွန် ၁၀
    ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party) ၏ နိုင်ငံရေး ပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန် ၉ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
    နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့်လျှောက်ထားလာသည့်အဖွဲ့ ၂၇ ဖွဲ့ရှိပြီး ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် ရခိုင်တိုင်းရင်းသားများပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ် ကြောင်း စိစစ်တွေ့ရှိရသဖြင့် ယင်းသို့ ခွင့်ပြုလိုက်ကြောင်း ကော်မရှင်မှ ထုတ်ပြန်ခဲ့သည်။
    ပါတီတည်ထောင်ခွင့်ရရှိသော ရခိုင်တိုင်းရင်းသားများပါတီသည် ခွင့်ပြုချက်ရရှိသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်း ဥပဒေ(၇) နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမည်ဟုလည်း ကော်မရှင်မှ အသိပေး ထားသည်။
    ၂၀၂၅ ခုနှစ် ဇွန် ၉ ရက်အထိ နိုင်ငံရေးပါတီ ၁၇ ပါတီကို တည်ထောင်ခွင့်ပြုထားကြောင်း သိရသည်။ အဆိုပါ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၇ ပါတီအနက် ဦးဘွာလ်ဆိုင်လို ခေါင်းဆောင်သည့် ချင်းပြည်သစ်ကွန်ဂရက်ပါတီ New Chinla-nd Congress (NCC)} က ပါတီတည်ထောင် ခွင့်ပြု သည့်နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်း ဥပဒေ(၇)နှင့်အညီ ကော်မရှင်သို့ ယနေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် ကော်မရှင်သို့ လျှောက်ထားခဲ့ ကြောင်း သိရသည်။
    ယင်းသို့ မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၁၆ ပါတီ အနက် ပါတီ ၁၄ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ဆက်လက် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။ ညီသစ်

Total Views ~ 65

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45607

© 2022 - 2025 News. All Rights Reserved.