၂၀၂၄ အောက်တိုဘာ ၈
၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ အိန္ဒိယအစိုးရ၏ ရန်ပုံငွေဖြင့်ကျင်းပမည့် ဖက်ဒရယ်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ရန် NUG ၊ AA ၊ KIA နှင့် CNF စသော မြန်မာနိုင်ငံအစိုးရအား ဆန့်ကျင်နေသည့် အတိုက်အခံများကို ဖိတ်ခေါ်ထားကြောင်းသိရှိရသည်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မူးယစ် သောင်းကျန်းသူ အဖွဲ့ဖြစ်သော AA နှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်လာသည်ကိုလည်း တွေ့မြင်နေရသည်။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်တွင် စစ်တွေကုလားတန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း အပါအဝင် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူ ပို့ဆောင်ရေးစီမံကိန်းများကို ၂၀၀၉ ခုနှစ်မှစ၍ ရင်းနှီးမြှုပ်နှံခဲ့သည်။ ၂၀၂၃ ခုနှစ် မေလတွင် စစ်တွေဆိပ်ကမ်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ရှိနေသေးသော ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူ ပို့ဆောင်ရေး စီမံကိန်းများ အမြန်ပြီးစီးရေးကို ဆက်လက်လုပ်ဆောင်ခဲ့ရာ ယခုအခါ ပြီးစီးလုနီးပါးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။
ယခုအခါ အိန္ဒိယနိုင်ငံသည် ၎င်းတို့၏ စီမံကိန်းနယ်မြေများအတွင်းရှိ လက်နက်ကိုင် အကြမ်းဖက်သမားများနှင့်ထိတွေ့ဆက်ဆံမှုပြုလာပြီး ၎င်းတို့အကျိုးစီးပွားအတွက် အကြမ်းဖက်အားပေးသည့် လုပ်ဆောင်မှုများ ပြုလုပ်လာကြောင်းတွေ့ရှိရသည်။ ၎င်းတို့ထိတွေ့ ဆက်ဆံနေသော AA လက်နက်ကိုင်အကြမ်းဖက်သမားများသည် မြန်မာနိုင်ငံအစိုးရမှ ဥပဒေနှင့်အညီ အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားသည့် အဖွဲ့တစ်ခုဖြစ်သည်။ ထိုသို့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသောအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်းသည် အကြမ်းဖက်အားပေးသည့် လုပ်ရပ်ဖြစ်ပြီး အိမ်နီးချင်းကောင်းမပီသသည့် လုပ်ရပ်လည်းဖြစ်သည်။ စီမံကိန်းလုပ်ငန်းများသည် နှစ်နိုင်ငံအစိုးရအချင်းချင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရသော လုပ်ငန်းများဖြစ်သည်။ လုံခြုံရေးအခြေအနေများအရ ယခုကဲ့သို့ မြန်မာနိုင်ငံအစိုးရမှ စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ရန် ကန့်သတ်ချက်များရှိနေချိန်တွင် အိန္ဒိယနိုင်ငံအစိုးရဘက်မှ AA အကြမ်း ဖက်သမားများနှင့်ညှိနှိုင်းအပေးအယူပြု ဆောင်ရွက်ပြီး စီမံကိန်းလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်လုပ်ဆောင်နေမှုသည် မြန်မာ နိုင်ငံအစိုးရဘက်မှ လက်သင့်ခံနိုင်သော ကိစ္စရပ်မဟုတ်သဖြင့် အောင်မြင်နိုင်မည်မဟုတ်ပေ။ နိုင်ငံတော်အစိုးရမှ အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ် မူတည်၍ လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်ရာ စီမံကိန်းလုပ်ငန်းများတွင်ပါ မလိုလား အပ်သောဆုံးရှုံးမှုများ ရှိလာနိုင်သည်ကို သတိပြုရန်လိုအပ်ပါသည်။
AA အကြမ်းဖက်သမားများက အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားများ ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်ခဲ့သည့် အဖျက်လုပ်ရပ်များကို ဆင်ခြင်သိမြင်နိုင်စေရန်တင်ပြလိုပါသည်။ ကုလားတန် မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ၂ဝ၁၈ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး အိန္ဒိယမှ အမေရိကန်ဒေါ်လာသန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။ ထိုစီမံကိန်းလုပ်ငန်းများကို ပျက်စီးစေရန် ၂၀၁၉ ခုနှစ် မတ်လ ၁၆ ရက် နေ့တွင် စီမံကိန်းအတွက် တံတားသံပေါင်များ တင်ဆောင်လာသည့် ရေယာဉ်အားတိုက်ခိုက်ခြင်း၊ အဆိုပါနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် စီမံကိန်းအတွက် ချင်းပြည်နယ် ပလက်ဝမြို့တွင် ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံသား ၅ ဦးအား ဖမ်းဆီးခြင်း၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စီမံကိန်းအတွက် ဆောက်လုပ်ရေးပစ္စည်းများ တင်ဆောင်လာသော အရပ်ဘက်သင်္ဘော ၃ စီးအား တိုက်ခိုက်ခြင်း၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပလက်ဝတံတားစီမံကိန်းအတွက် သံပေါင်နှင့်ဆောက်လုပ်ရေးပစ္စည်းများတင်ဆောင်လာသော ရေယာဉ် ၆ စင်းအား တိုက်ခိုက်ခြင်းနှင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့တွင် ပလက်ဝ- ဇိုရမ်ပူ ကားလမ်းဖောက်လုပ်နေသည့် C&C ကုမ္ပဏီမှ အိန္ဒိယနိုင်ငံသား ၈ ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းတို့ကို AA အကြမ်းဖက်သမားများက လုပ်ဆောင်ခဲ့သည်။ ထိုသို့ အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားပျက်စီးစေရန် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းအား နည်းအမျိုးမျိုးဖြင့် နှောင့်ယှက်တိုက်ခိုက်ဖျက်စီးနေသော AA အကြမ်းဖက်သမားများအား အိန္ဒိယအစိုးရက ထိတွေ့ဆက်ဆံမှုပြုခြင်းသည် မလုပ်ဆောင်သင့်သော ကိစ္စရပ်ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် အစဉ်သဖြင့် မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိခဲ့ပေ။ သို့သော် ယခုတွင် အိန္ဒိယ၏ Act East Policy နှင့်တရုတ်နိုင်ငံ၏ One Belt One Road စီမံကိန်းတို့သည် မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်တွင် အကျိုးစီးပွားအားပြိုင်မှုဖြစ်ပေါ်လာသည်ဟု ဆိုနိုင်သည်။ တရုတ်နိုင်ငံမှရင်းနှီးမြှုပ်နှံထားသော ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့်အားပြိုင်ရာ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်းအား အိန္ဒိယနိုင်ငံမှ အမြန်ဆုံး ပြီးဆုံးအောင်ဆောင်ရွက်ပြီး စီးပွားရေးအရ အသုံးချလိုကြောင်းတွေ့ရှိရသည်။ သို့သော် နိုင်ငံ နယ်နိ မိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ အကျိုးစီးပွားကို အခြားနိုင်ငံတစ်နိုင်ငံက အပြန်အလှန်လေးစားအကောင် အထည်ဖော်ဆောင်ရန်တာဝန်ရှိပါသည်။ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်တိုက်ခိုက်နေသော အကြမ်းဖက်သမားများနှင့် ထိတွေ့ဆက်ဆံခြင်းသည် အိမ်နီးချင်းနိုင်ငံအနေဖြင့် လုပ်ဆောင်သင့်သော ကိစ္စရပ်မဟုတ်ပေ။
ချင်းပြည်နယ် ပလက်ဝဒေသအား လက်နက်အားကိုးဖြင့် အကြမ်းဖက်ထိန်းချုပ်ပြီး ချင်းလူမျိုးများကို မူးယစ်ဆေးဝါးများဖြန့်ဖြူးရောင်းချကာ မူးယစ်ဆေးဝါး၏သားကောင်ဖြစ်စေရုံသာမက အရွယ်မရောက်သေးသူ ချင်းအမျိုးသမီးငယ်များကိုပါ အလိုမတူဘဲ အဓမ္မပြုကျင့်ခြင်းများ အထိ AA အကြမ်းဖက်သမားများက လုပ်ဆောင်ခဲ့သည်။ AA အကြမ်းဖက်သမားများ၏ လူမဆန်သော လုပ်ဆောင်မှုများကို ချင်းတိုင်းရင်းသား အဖွဲ့အစည်းများကပင် လက်မခံနိုင်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့ရှိနိုင်ပါသည်။ ချင်းလူမျိုးများ အများဆုံးနေထိုင်ရာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အစိုးရအဖွဲ့သည်လည်း ပလက်ဝဒေသရှိ ချင်းလူမျိုးစုများ၏မျက်နှာကို ထောက်ထားပြီး အကျိုးစီးပွားတစ်မျက်နှာအတွက်နှင့် AA အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေး မဆက်ဆံသင့်ပေ။ ထိုသို့ နှစ်နိုင်ငံချစ်ကြည်ရေးကိုထိပါးပြီး အကြမ်းဖက်အားပေး လုပ်ဆောင်နေသည့် မီဇိုရမ်ပြည်နယ် အစိုးရအဖွဲ့၏ လွဲမှားသောလုပ်ဆောင်မှုများကိုလည်း အိန္ဒိယဗဟိုအစိုးရမှ လိုအပ်သလို ထိန်းသိမ်းဆောင်ရွက်သင့်ပေသည်။
ထို့အပြင် လွန်ခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့သော အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ ဩစတေးလျတို့ပါဝင်သည့် QUAD အဖွဲ့၏ အစည်းအဝေးအပြီးတွင် မြန်မာနိုင်ငံအား အရေးယူပိတ်ဆို့ရန်နှင့် မြန်မာနိုင်ငံမှ အစိုးရဆန့်ကျင်ရေးအင်အားစုများကို မျက်နှာသာပေး ဖိတ်ခေါ်မှုများဆောင်ရွက်ခဲ့ခြင်းသည် အမေရိကန်က QUAD အဖွဲ့မှ တစ်ဆင့် အိန္ဒိယနိုင်ငံကို အသုံးချပြီး အိန္ဒိယနှင့်အိမ်နီးချင်းနိုင်ငံများ၌ တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှု မရှိစေရေးအတွက် တရုတ်ယိမ်းသည့် အစိုးရများပြုတ်ကျစေရန် ထိန်းချုပ်လုပ်ဆောင်နေသကဲ့သို့ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင်လည်း အိန္ဒိယနိုင်ငံမှတစ်ဆင့် စွက်ဖက်ဆောင်ရွက်လာခြင်း ဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ၅ ရပ် နှင့်အညီ ကျင့်သုံးနေထိုင်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကို ဖော်ဆောင်လျက် ရှိပါသည်။ အိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသကဲ့သို့ အိမ်နီးချင်းနိုင်ငံအစိုးရများကို ဆန့်ကျင်နေသည့် အင်အားစုများအားလည်း နိုင်ငံအတွင်း အခြေချမှုမရှိစေရေး ဆောင်ရွက်လျက်ရှိသည်။ အိမ်နီးချင်းတရုတ်နိုင်ငံအနေဖြင့် ၎င်းနှင့် ထိစပ်နေသည့် နယ်စပ်ဒေသ တစ်လျှောက်ရှိ အကြမ်းဖက်သောင်းကျန်းသူများအား ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်ကာ အိမ်နီးချင်းကောင်းပီသမှုကို ဖော်ဆောင်နေသကဲ့သို့ အိမ်နီးချင်းအိန္ဒိယနိုင်ငံ အနေဖြင့်လည်း မြန်မာ့ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်နေမှုအား ဆင်ခြင်သတိပြု သင့်ပါကြောင်းနှင့် မြန်မာနိုင်ငံအစိုးရအားဆန့်ကျင်ကာ ပြည်သူလူထု၏ အသက်အိုးအိမ်ကို အန္တရာယ်ပြုခြိမ်းခြောက်နေသည့် AA အပါဝင် အကြမ်းဖက်သမားများနှင့် ထိတွေ့ဆက်ဆံမှု မပြုသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
ဇော်မင်း(TNT)