၂၀၂၃ မေ ၁၆
အားအလွန့်အလွန်ကောင်းသည့် "မိုခါ"ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သော ရခိုင်ပြည်နယ်သို့ မေ ၁၅ ရက်မွန်းလွဲပိုင်းက နစက ဥက္ကဋ္ဌမှ သွားရောက်ကြည့်ရှုစစ်ဆေးစဥ်မှာကြားခဲ့ခြင်းဖြစ်သည်၊
သဘာဝဘေးအန္တရာယ်သည် ရှောင်လွှဲ၍မရဘဲ ဖြစ်လာသည့်အချိန်တွင်ရင်ဆိုင်ရန်နှင့်ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားပါက ထိခိုက်မှု အနည်းဆုံးဖြင့် ကျော်လွှားနိုင်မည်ဖြစ်ကာ မုန်တိုင်းမဝင်ရောက်မီ ၅ ရက်ခန့်ကပင် မုန်တိုင်း ကြို တင်သတိပေးချက်များထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။
"ရခိုင်ပြည်နယ်ကို ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရပါမယ်" ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။
ထို့ပြင် အများပြည်သူအများဆုံးအသုံးပြုသည့် လမ်းများအား ဦးစားပေးရှင်းလင်းရန်လိုကာ ပြည်ထဲရေးဝန်ကြီးဌာနမှ လူအင်အားနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်ဆောက်လုပ်ရေးဝန်ကြီး ဌာနတို့မှစက်ယန္တရားတို့ဖြင့် ပေါင်းစပ်ဆောင် ရွက်ရမည်ဟု မှာကြားသည်။
ဆေးရုံများသန့်ရှင်းရေးနှင့်ဘိုးဘွားရိပ်သာများကို ခရိုင်/မြို့နယ်များအလိုက် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ကျန်းမာရေးဝန်ထမ်းများက ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ကာ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအား အပိုင်းလိုက်ခွဲ၍ ဆောင်ရွက်ရမည်ဟု မှာကြားသည်။
"မုန်တိုင်းတိုက်ခတ်ချိန်မှာ သဘာဝဘေးဒဏ်ခံ နိုင်တဲ့ လေကာပင်တွေ အုန်းပင်တွေကို တိုးချဲ့ စိုက်ပျိုးဆောင်ရွက်ရပါမယ်၊ မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ အသုံးပြုနိုင်ဖို့ အလှူငွေကျပ်သိန်းပေါင်း ၁၃၁၈၁၀ သိန်းကို လက်ခံရရှိခဲ့ပါတယ်၊အဲဒီထဲကနေ ရခိုင် ပြည်နယ်မှာ ကူညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ ငွေကျပ် သိန်းပေါင်း ၇၀၀၀၀ ကို ပေးအပ်သွားမှာပါ"ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ပြင် ကူညီကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရန် တပ်မတော်စစ်ရေယာဉ်များဖြင့် တင်ဆောင်လျက်ရှိပြီး ရခိုင်ပြည်နယ်သို့ အမြန်ဆုံးရောက်ရှိအောင် ပို့ဆောင်ပေးသွားမည်ဖြစ်ကာ ဦးစားပေးအနေဖြင့် လမ်းပန်း ဆက်သွယ်ရေးကို အမြန်ဆုံးပြန်လည်ကောင်းမွန်အောင် ဦးစားပေးဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။
အများနှင့်သက်ဆိုင်သော ပညာသင်ကြားရေးဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်းများကိုလည်း ဦးစားပေးပြုပြင်ပေးရမည်ဖြစ်ကာ လုပ်စရာရှိသည်များကို မြန်မြန်ဆန်ဆန်လုပ်ဆောင်ရမည်ဟု မှာကြားခဲ့သည်၊
"အားလုံးပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အမြန်ဆုံးမူလအခြေအနေကို ရောက်ရှိလာမှာဖြစ်ပါတယ်၊ နိုင်ငံတကာကလည်း အကူအညီတွေပေးအပ်မယ်လို့ ကမ်းလှမ်းလာတာကြောင့် လက်ခံထားပြီးဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌပြောသည်။
ထို့နောက် နစက ဥက္ကဋ္ဌက ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ငွေကျပ်သိန်း ၇၀၀၀၀ နှင့်ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။