၂၀၂၃ ၊ ဒီဇင်ဘာ ၁၃
ဆောက်လုပ်ဆဲ မြန်မာ-ကိုးရီးယား ချစ်ကြည်ရေး ရန်ကုန်-ဒလ မြစ်ကူးတံတားကို လာမည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
တည်ဆောက်ရေးစီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်လျက်ရှိပြီး ကိုရီးယားသမ္မတနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေနှင့် မြန်မာအစိုးရ ထည့်ဝင်ငွေ ပေါင်းစပ်၍ စုစုပေါင်းခန့်မှန်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၃ သန်း အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
တန်ချိန် တစ်သောင်းခွဲရှိ နိုင်ငံတကာ ကုန်တင်သင်္ဘောကြီးများ ဖြတ်သန်း သွားလာနိုင်ရန် ၄၉ မီတာအမြင့် တည်ဆောက်ထားကာ သံမဏိကြိုးဆိုင်းတံတား အမျိုးအစားဖြစ်ပြီး တံတားအရှည်စုစု ပေါင်း ၆၁၂၈ ပေ(မီတာ ၁၈၀၀)၊ တံတားခံနိုင်ဝန် (ခွင့်ပြုယာဉ်အလေးချိန်)မှာ ယာဉ်တစ်စီး ချင်း ၇၅ တန် ဖြစ်သည်။
တံတား၏ ဘေးနှစ်ဖက်တွင် လေးမီတာအကျယ် လူသွားလမ်းပါဝင်မည်ဖြစ်ကာ တံတားခြေ ဆင်းအဖြစ် ရန်ကုန်မြို့အတွင်း ဘုန်းကြီးလမ်းသို့ နှစ်လမ်းသွား တံတားတစ်စင်း၊ ဆူးလေဘုရား ဘက်နှင့် အလုံမြို့နယ်ဘက်သို့ တစ်လမ်းမောင်း တံတားတစ်စင်းဆီ ထည့်သွင်းတည်ဆောက်ထား သည်။
တံတားအား ၂၀၁၉ ခုနှစ် မေလမှ စတင်တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံရှိ သံမဏိကြိုးဆိုင်း တံတားများတွင် အကြီးဆုံးနှင့် အရှည်ဆုံး ဖြစ်လာမည်ဖြစ်သည်။
ဖွင့်လှစ်ပြီးပါက ရန်ကုန်တိုင်း မြစ်တစ်ဖက်ကမ်းရှိ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ အပြင် ဧရာဝတီ တိုင်းဒေသကြီးနှင့်ပါ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်သည့်အတွက် လမ်းပန်း ဆက်သွယ်ရေးအပြင် ဒေသဖွံ့ဖြိုးရေး ကဏ္ဍများစွာအတွက်ပါ များစွာ အထောက်အကူပြု မည်ဖြစ်သည်။