၂၀၂၄၊ မတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ အသား၊ငါး ဖူလုံရေးအတွက် တိုက်ကြီးမြို့နယ် ခရိုင်ချင်းဆက်လမ်း မိုင်တိုင် ၃၄/၆ အနီး ဧက ၂၀၀၀ မြေနေရာပေါရှိ မွေးမြူရေးဇုန်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းများအရ သိရသည်။
အဆိုပါ အကောင်အထည်ဖော်နေမှုကို မတ်လ ၇ ရက်က တိုင်းဒေသကြီး ဝန်ကြီးချုပ်က သွားရောက် စစ်ဆေးခဲ့ပြီး တိုင်းဒေသကြီး ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တိုက်ကြီးခရိုင် အုပ်ချုပ်ရေးမှူးတို့က မွေးမြူရေးဇုန်အတွင်း ဇုန်အဝင်လမ်းနှင့် ဇုန်အတွင်း ပတ်လမ်းများဖောက်လုပ်ပြီး စီးမှု၊ ဆက်လက်၍ လမ်းလုပ်ငန်းဆောင်ရွက်နေမှု၊ ရေရရှိရေး ချောင်းပိတ်တမံဆောင်ရွက်နေမှု၊ လျှပ်စစ်ဓာတ်တိုင်များ စိုက်ထူ၍ လျှပ်စစ်မီးရရှိရေး သွယ်တန်းမည့် အခြေအနေများ၊ မွေးမြူရေးဇုန်အတွင်းရှိ Box Culvert နှင့်လမ်းများ ခင်းကျင်း ဆောင်ရွက်နေမှုနှင့် ဌာနအလိုက် လုပ်ငန်းကဏ္ဍများ လုပ် ဆောင်နေမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်က မွေးမြူရေးဇုန်အား တာဝန်ယူဆောင်ရွက်ရသည့် ဌာနများ အနေဖြင့် လုပ်ငန်းကဏ္ဍများ အလိုက် စနစ်တကျ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ လုပ်ငန်းကဏ္ဍများအား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
အဆိုပါ မွေးမြူရေးဇုန်အား နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်တိုင်း ဒေသကြီးအတွင်း နေထိုင်သော ပြည်သူများ အသား၊ ငါး ဖူလုံမှုရှိစေရန်အတွက် မွေးမြူရေးဇုန်အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံခြားနွား၊ ဒေသနွား၊ နို့စားနွား၊ ကျွဲ၊ သိုး၊ ဆိတ်၊ ဝက်၊ အသားစားကြက်၊ ဥစားကြက်၊ ဘဲ၊ ငုံးနှင့်ငှက်သိုက် မွေးမြူရေးတို့အား စီးပွားဖြစ် မွေးမြူထုတ်လုပ် ဖြန့်ဖြူးရောင်းချ ခြင်းနှင့် တိရစ္ဆာန်အစာ စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း တွဲဘက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။