၂၀၂၃ ဩဂုတ် ၁
ရန်ကုန်ဘူတာကြီးကနေ ခရီးဝေးရထားစီးနင်းသူ ယခုအခါမှာ ပြန်လည်များပြား လာပြီး တစ်နေ့ကို ခရီးသည်အရေအတွက် ၁၉၀၀ခန့်ရှိကြောင်းမြန်မာ့မီးရထားကနေသိရပါတယ်။
ပြီးခဲ့တဲ့ကိုဗစ်ကာလ က မီးရထားစီးနင်းကာ ခရီးသွားသူအရေအတွက်လျော့ကျခဲ့ပြီး ရထားခရီးအချို့လည်းရပ်နားမှုတွေရှိခဲ့ပြီး ယခုကာလမှာတော့ မိုးတွင်းကာလဖြစ်ပေမယ့် ခရီးဝေးခရီးစဉ်ရထားစီးနင်သူတွေတိုးလာနေတယ်လို့ဆိုပါတယ်။
ရန်ကုန်ဘူတာကြီးကနေ ပုံမှန်အနေနဲ့ ခရီးဝေး ရထားခရီးစဉ်တွေကို ရန်ကုန်-မန္တလေး ၊ ရန်ကုန်-မော်လမြိုင် ၊ ရန်ကုန်- ပြည်နဲ့ ရန်ကုန်- ပဲခူးခရီးစဉ် တွေကိုပုံမှန်ပြေးဆွဲနေတယ်လို့သိရပါတယ်။
အဆိုပါ ခရီးစဉ်တွေအတွက် ရန်ကုန်- မန္တလေးခရီးစဉ် အတွက်ကို လေအိတ်ရထား ၊ အမြန်ရထားတွေအပါအဝင် ရထား ၃စင်း ၊ ရန်ကုန်- ပြည်ခရီးစဉ်အတွက် ၆၃ နဲ့ ၆၄ အစုန် အဆန်အမြန်ရထား ၂စင်းအပြင် ကြည်မြင်တိုင်ဘူတာ မှ ပြည်ဘူတာအထိ စာပို့ရထား၁စင်း နဲ့ ရန်ကုန်- မော်လမြိုင်ခရီးစဉ်အတွက် လေအိတ်ရထား၊ အမြန်ရထား ၂စင်း နဲ့ ရန်ကုန်-ပဲခူးခရီးစဉ်အတွက် အမြန်ရထား ၁စင်း တို့ကို မြန်မာ့မီးရထားကနေ ခရီးဝေး ခရီးစဉ်အဖြစ်ပြေးဆွဲပေးနေတယ်လို့ဆိုပါတယ်။
ခရီးဝေးခရီးစဉ်တွေရဲ့ လက်မှတ်တွေကိုလည်း နိုင်ငံသားစီစစ်ရေးကဒ်ပြကာ ၃ရက်ကြိုတင်ဝယ်ယူစီးနင်းနိုင်ပြီး ရထားလက်မှတ်ခအနေနဲ့ ရန်ကုန်-မန္တလေးခရီးစဉ်မှာ အရင်က ရိုးရိုးတန်းကို ငွေကျပ် ၄၆၅၀ နဲ့ အထူးတန်းကို ငွေကျပ် ၉၃၀၀သတ်မှတ်ခဲ့ရာကနေ ယခု အခါ ရိုးရိုးတန်းကို ငွေကျပ်၇၇၅၀နဲ့ အထူးတန်းကို ၁၅၄၅၀ကျပ် ဈေးနှုန်းသတ်မှတ်ကာပြောင်းလဲကောက်ခံနေ ပါတယ်။
ရန်ကုန်- မော်လမြိုင် ခရီးစဉ် ရဲ့လက်မှတ်နှုန်းထား မှာလည်း ယခင်က ရိုးရိုးတန်းကို ၂၁၅၀ကျပ် နဲ့အထူးတန်းကို၄၃၀၀ကျပ် ရှိရာကနေ ယခုအခါ ရိုးရိုးတန်းကို ၃၅၅၀ကျပ် နဲ့အထူးတန်းကို ၇၀၅၀ကျပ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရှိရပါတယ်။