ရန်ကုန်၊ ဇွန် ၁၈
ရန်ကုန်မြို့တွင် မြန်မာစာပေသမိုင်းကို လေ့လာနိုင်မည့် စာဆိုဗိမာန် (Sarso Beikman) အဆောက်အအုံနှင့် ဆက်စပ်လုပ်ငန်းများ တည်ဆောက်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ် ယူထားသည်။
စာဆိုဗိမာန် ၁၆၀ x ၁၄၀ RC သုံးထပ် အဆောက်အအုံနှင့် ဆက်စပ်လုပ်ငန်းများတည် ဆောက်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် မြေတိုင်း ရပ်ကွက်အမှတ် (18-A) မြေကွက်အမှတ်(၂၉) မြေဧရိယာ ၂ ဒသမ ၁၈ ဧကပေါ်၌ ဆောက်လုပ်ရန် မြန် မာနိုင်ငံသားလုပ်ငန်းရှင်များအား မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။
စာဆိုဗိမာန် အဆောက်အအုံနှင့် ဆက်စပ်လုပ်ငန်းများကို ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက အိန္ဒိယနိုင်ငံအကူအညီဖြင့် ဆောင်ရွက် မည်ဖြစ် ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရန် အိတ်ဖွင့် တင်ဒါပုံစံများကို ဇူလိုင် ၈ ရက်မှ ၁၅ ရက် အထိ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စီမံရေးရာဌာနခွဲ ရုံးအမှတ် (၇) နေပြည်တော်တွင် ရောင်းချပေး မည်ဖြစ်ပြီး တင်ဒါတစ်စောင်လျှင် ကျပ် ငါး သောင်း နှုန်းသတ်မှတ်ထားကာ တင်ဒါပုံစံများ လာရောက်ဝယ်ယူရာတွင် ကုမ္ပဏီ၏ မှတ်ပုံတင် ကတ်ပြား(သို့မဟုတ်) လုပ်ငန်းလိုင်စင်မိတ္တူတင်ပြ ရမည်ဟု အသိပေးထားသည်။
ထို့အပြင် ဈေးနှုန်းအဆိုပြုလွှာ မပါသော နည်းပညာဆိုင်ရာ အဆိုပြုလွှာများကို ဇူလိုင် ၁၆ ရက်မှ ၂၃ ရက်အထိ အဆိုပါပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စီမံရေးရာဌာနခွဲရုံးသို့ လာရောက် ပေးသွင်းရန် အသိပေးထားသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံ အစိုးရတို့ကြား စာဆိုဗိမာန်တည် ဆောက်ခြင်းစီမံကိန်း သဘောတူညီချက်ကို မတ်လ ၁၈ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ LOTTE ဟိုတယ်တွင် လက်မှတ်ရေး ထိုးခဲ့ကြသည်။ ယင်းအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာနိုင်ငံ၏ မြန်မာစာပေသမိုင်းတစ်လျှောက် ပေါ်ထွန်းခဲ့သော စာပေပညာရှင်များနှင့် စာရေးဆရာများကို အသိအမှတ်ပြုချီးမြှင့်နိုင် ရန်ရည်ရွယ်၍ 'စာဆိုဗိမာန်'ကို တည်ဆောက်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် စာဆိုဗိမာန်အတွင်း မြန်မာစာပေသမိုင်းကို လေ့လာနိုင်မည့်ပေ၊ ပုရပိုက်မှစပြီး စာပေ ဆိုင်ရာပစ္စည်းများ၊ စာရေးဆရာကြီးများ၏ လက်ရေးမူများ၊ ဓာတ်ပုံနှင့် အတ္ထုပ္ပတ္တိများ၊ ရှားပါးစာအုပ်များ၊ စာပေဆုတံဆိပ်များ၊ ပုံနှိပ်သမိုင်းတွင် ခေတ် အဆက်ဆက် အသုံးပြုခဲ့ပြီး အဆင့်ဆင့် ခေတ်မီ ပြောင်းလဲလာသည့် ပုံနှိပ်စက်အမျိုးမျိုး၏ သမိုင်းဝင်ပစ္စည်းများကို ပြခန်းတစ် ခန်းအနေဖြင့် ဖွင့်လှစ်ပြ သသွားမည်ဟုလည်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ထည့်သွင်းပြောကြားခဲ့သည်။