ရန်ကုန် ၊ အောက်တိုဘာ ၃၀
ရန်ကုန်မြို့ပတ်ရထားပိုင်းကို စပိန်နိုင်ငံထုတ် ခေတ်မီဒီဇယ်လျှပ်စစ် (DEMU) ရထားတွဲဆိုင်းသစ်များဖြင့် ပြောင်းလဲပြေးဆွဲရန် စီစဉ်ထားကြောင်း မြန်မာ့မီးရထားမှ စုံစမ်းသိရှိရသည်။
"မြို့ပတ်ပြေးဆွဲမယ်ဆိုတာ အစီအစဉ်ရှိပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ အတိအကျ မသိရသေးဘူး။ ဘယ်နေ့ ဘယ်ရက်ကစပြီး ပြေးမယ်ဆိုတာ တရားဝင်ကြေညာပြီးမှ ပြေးဆွဲမှာပါ"ဟု မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်း၊ ရထားနှင့် ကားလမ်းကူး Level Crossing ဂိတ်များ အဆင့်မြှင့်တင်ခြင်း၊ အချက်ပြစနစ်များ အသစ်တပ်ဆင်ခြင်း၊ ဘူတာများ အသစ်ပြန်လည်တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိနေပြီး လက်ရှိတွင်လည်း DEMU ရထားတွဲဆိုင်းသစ်များဖြင့် ပြေးဆွဲပါက ခရီးသည်များ အတက်အဆင်း အဆင်ပြေစေရေးအတွက် မြို့ပတ်ရထား လမ်းပိုင်းရှိ ဘူတာပလက်ဖောင်းများကို အဆင့်မြင့်တင်ခြင်းများ ဆောက်ရွက်လျက်ရှိကြောင်းသိရသည်။
ရန်ကုန်မြို့ပတ်ရ ထားခရီးစဉ်တွင် လက်မှတ်ခနှုန်းထားများကိုလည်း 'ဝ'မိုင်မှ ၁၅ မိုင်အထိ ခရီးစဉ်ကို ယခင်က ၂၀၀ ကျပ်အစား ယခု ၄၀၀ ကျပ်၊ ၁၅ မိုင်နှင့် အထက်ခရီးစဉ်ကို ယခင်က ၃၀၀ ကျပ်အစား ယခု ၈၀၀ ကျပ်အဖြစ် အောက်တိုဘာ ၂၀ ရက်မှ စတင်ကာပြောင်းလဲသတ်မှတ်ထားသည်။
မြန်မာ့မီးရထားအနေဖြင့် စပိန် နိုင်ငံထုတ် (DEMU) ရထားတွဲဆိုင်းသစ်များဖြင့် အောက်တိုဘာ ၂ ရက်မှ စတင်ကာ ပဲခူး-ရန်ကုန် အမှတ်(၁၆)အစုန်နှင့် ရန်ကုန်-ပဲခူး အမှတ်(၁၅)အဆန်ခရီးစဉ်များတွင် ပြေးဆွဲပေးခဲ့ပြီး လက်ရှိတွင် ရန်ကုန်-ပဲခူး၊ ပဲခူး-ရန်ကုန် ပြေးဆွဲနေသည့် DEMU ရထားစီးနင်းမှုများ ပြားလာ၍ ဘူတာများတွင် ခရီးသည်အတက်အဆင်းအတွက် လက်တန်းပါသံလှေကားများ မြန်မာ့မီးရထားမှ စီစဉ်ထားသည်။ နဒီ