၂၀၂၃ ၊ ဇွန်- ၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းပေါ် ရှိအခွန်ဦးစီးမှူးရုံး၌ ယနေ့ဇွန်လ ၅ ရက်၊ မွန်းတည့် ၁၂ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ဝန်ထမ်းများ ထိခိုက်မှုရှိခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်။
အဆိုပါဖြစ်စဥ်အတွင်း အခွန်ဦးစီးမှူးရုံးရှိ ဝန်ထမ်းသုံးဦးနှင့် အပြင်လူ တစ်ဦးထိခိုက်ခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန လက်အောက်ရှိ အရာထမ်းတစ်ဦးကပြောသည်။
"ဟုတ်တယ်၊ ထိတယ်၊ သေသေချာချာတော့ မပြောနိုင်ဘူး။ ဝန်ထမ်းသုံးယောက်နဲ့ အပြင်လူတစ်ယောက်ထိတယ်လို့ပြောတယ်။ သူက ကုမ္ပဏီအခွန်ရုံးဆိုတော့ ကုမ္ပဏီကိစ္စ အခွန်လာရှင်းတဲ့သူတွေများတယ်။ အများအားဖြင့်တော့ အောတစ်တွေများတာပေါ့။ ဒါမှမဟုတ် ကုမ္ပဏီက လူတွေပေါ့။ CCTVတော့ရှိမှာပါ။ အခုဖြစ်တာက ရုံး(၃)။ အရာရှိပါတယ်ပြောတယ်။ အကုန်လုံးက အရာရှိတွေပါပဲ။ အဲဒီမှာက ဒုဦးစီး၊ ဦးစီးအရာရှိတွေရှိတယ်။ သူ့ထက်မြင့်တဲ့အရာရှိတွေလည်းရှိတာပေါ့။ ဒုညွှန်တို့၊ ညွှန်မှူးတို့ ရှိတယ်"ဟု ၄င်းက ပြောသည်။
အဆိုပါဖြစ်စဥ်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း ကနဦးသိရသည်။