ရန်ကုန်၊ ဇွန် ၄
နိုင်ငံရေးမတည်ငြိမ်သည့် နေရာများမှ ရန်ကုန်မြို့သို့ လာရောက်နေထိုင်မှုများပြားခြင်းကြောင့် အိမ်အငှားဈေးကွက် တွင်ကျယ်လျက်ရှိကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံဖြိုးတိုးတက်ရေးအသင်း MRPDA မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်အငှားဈေးကွက်နှင့် အရောင်းဈေးကွက် အခြေအနေကို နှိုင်းယှဉ်ကြည့်ပါက အငှားဈေးကွက်က ပို၍ အားသာချက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) ဥက္ကဋ္ဌ ဦးသိန်းလွင်က ပြောသည်။
"အိမ်အငှားနဲ့ အရောင်းကတော့ အငှားဈေးကွက်က ပိုတယ်။ ပိုငှားရတယ်။ အငှားငါးကြိမ်ဖြစ်ရင် အဝယ်က တစ်ကြိမ်၊ နှစ်ကြိမ်ပေါ့။ ဒဂုံလေးမြို့နယ်မှာတော့ အခုအချိန်အထိ ဈေးကွက်က မဆိုးပါဘူး။ အလုပ်လုပ်နေရတယ်။ အရောင်းအဝယ်ဖြစ်တယ်။ အငှားကတော့ တချို့နိုင်ငံရေးမတည် ငြိမ်တဲ့ နေရာဒေသတွေက တိုင်းနဲ့ပြည်နယ်တွေက ရန်ကုန်ကို ဝင်လာတာများတဲ့အတွက် အငှားဈေး ကွက်က ကောင်းတယ်။ ပြီးတော့ အိမ်ခြံမြေဈေးတွေကလည်း တက်တယ်။ သံချောင်းတို့၊ ဘိလပ်မြေဈေးတွေကလည်း တက်တဲ့အတွက် အိမ်ခြံမြေက အရင်က ၅၀၀ တန်ရင် ၁၀၀၀၊ ၁၀၀၀ တန်ရင် ၁၅၀၀ ဖြစ်သွားတဲ့အတွက် အငှားဈေးနှုန်း တွေလည်း ဈေးပြောင်းသွားတာပေါ့။ အိမ်ခြံ မြေ ဈေးကွက်ကတော့ ပုံမှန်ရှိနေမယ်။ ကျရိပ်မရှိပါဘူး။ လမ်းမတန်းတွေဆိုရင်တော့ အလုပ်လုပ်လို့ရတဲ့အတွက် အဝယ်လိုက်တယ်။ အဝယ်လိုက်တဲ့အတွက် လမ်းမတန်းကတော့ မကျနိုင်ဘူး။ လမ်းမတန်းကတော့ အဝယ်လိုက်တဲ့အတွက် ဈေးနည်းနည်းတက်မယ်။ အတွင်းလမ်းတွေကတော့ ပုံမှန်မှာရှိနေမယ်။ ကျရိပ်မမြင်ပါဘူး။ အိမ်ခြံမြေကတော့ ၁၀၀၀ နဲ့ ၅၀၀၀ ကြားမှာ အရောင်း အဝယ်လိုက်တယ်"ဟု ၎င်းက ပြောသည်။
ထို့အပြင် ငွေကြေးဖောင်းပွမှုကြောင့် ငွေကို မကိုင်ထားချင်သူများအနေဖြင့် ရွှေနှင့်မြေကို ဝယ်ယူ၍ ရင်းနှီးမြှုပ်နှံထားကြောင်း တာဝန်ရှိသူက ထပ်မံပြောဆိုသည်။
"အိမ်ခြံမြေဈေးကွက်က လွန်ခဲ့တဲ့ သုံး၊ လေးလနဲ့စာရင် အရောင်းအဝယ် အေးသွားတယ်။ ဒါပေမဲ့လည်း ငွေကြေးဖောင်း ပွလာတဲ့ အပေါ်မှာတော့ အရောင်းအဝယ် ဖြစ်နေတယ်။ မြန်မာ ငွေကြေးတန်ဖိုးကျတဲ့ အပေါ်မှာတော့ ငွေကို ကိုင်မထားချင်တာကြောင့် ဝယ်တဲ့သူတချို့တော့ ရှိနေ တယ်။ များသောအားဖြင့်က မြေအပေါ်မှာပဲ ယုံကြည်စိတ်ချကြပါတယ်။
အိမ်ခြံမြေနဲ့ရွှေကို ဘယ်ဟာမှာ ရင်းနှီးမြှုပ်နှံမှု အားသာလဲဆိုရင် နှစ်မျိုးစဉ်း စားရမယ်။ ရွှေကတော့ လတ်တလောမှာ ငွေပြန်ဖော်လို့ လွယ်တာပေါ့။ အိမ်ခြံမြေကျ တော့ ငွေပြန်ဖော်တဲ့အခါမှာ ရွှေလောက်တော့ မသွက်ဘူးပေါ့။ မြေတက်တာကို ရွှေကလိုက်လို့ မမီပါဘူး။ လိုက်လို့မမီတဲ့အတွက် မြေကိုတော့ ရင်းနှီးမြှုပ်နှံမှုမှာ အားသာနေ မှာပဲ"ဟု ၎င်းကပြောသည်။
ပြည်တွင်းရွှေဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေချိန် အိမ်ခြံမြေဈေးကွက်၌လည်း ဈေးအမြင့်ဆုံး အခြေအနေ၌ ရှိနေကြောင်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများမှ သိရသည်။ အိမ်ခြံမြေဈေးကွက် မြင့် တက်လာခြင်းသည် ငွေသားလက်ဝယ်ရှိ သူများမှ ငွေကြေးဖောင်းပွမှုများကြောင့် ငွေတန်ဖိုးကျ ဆင်းမှုမရှိရန် အိမ်ခြံမြေဈေးကွက်သို့ ရင်းနှီးမြှုပ်နှံကာ အများဆုံးလုပ်ဆောင် လာကြသည့်တွက် လက်ရှိ အိမ်ခြံမြေဈေးကွက်သည် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
ဇွန်လ ၃ ရက်က ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၂၈ ဒေါ်လာ အခေါက်ရွှေ တစ်ကျပ်သား(ပြင်ပ ဈေးကွက်) ရောင်းဈေး ကျပ် ၅၂၈၀၀၀၀ ဝယ်ဈေး ကျပ် ၅၂၄၀၀၀၀ ဖြစ်ပေါ်လက်ရှိပြီး ၁၅ ပဲရည် တစ်ကျပ်သား ရောင်းဈေး ကျပ် ၅၀၈၀၀၀၀ ၊ ဝယ်ဈေး ကျပ် ၅၀၄၀၀၀၀ ဖြစ်ပေါ်လျက်ရှိသည်။