ရန်ကုန်-ပဲခူး ခေတ်မီဒီဇယ်လျှပ်စစ် (DEMU)ရထား စီးနင်းမှုများပြားလာ၍ ဘူတာများတွင် ခရီးသည် အတက်အဆင်းအတွက် လက်တန်းပါသံလှေကားများ စီစဉ်ထား

ရန်ကုန်၊ အောက်တိုဘာ ၃၀
    ပဲခူး-ရန်ကုန် အမှတ်(၁၆)အစုန်နှင့် ရန်ကုန်-ပဲခူး အမှတ်(၁၅)အဆန်ခရီးစဉ်များတွင် ပြေးဆွဲပေးလျက်ရှိသည့် ခေတ်မီလေအေးပေးစက်ပါ ဒီဇယ်လျှပ်စစ် (DEMU) ရထားစီးနင်းမှုများပြားလာ၍ ဘူတာများတွင် ခရီးသည် အတက်အဆင်းအတွက် လက်တန်းပါ သံလှေကားများ စီစဉ်ထားရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။
    "စီးနင်းတဲ့ ခရီးသည်က ပိုများလာတယ်။ ရန်ကုန်ဘူတာကြီးက တက်တာပဲ။ နေ့စဉ် ၂၀၀ ကျော်ရှိတယ်။ ကြားဘူတာတွေကနေ တက်တာတွေလည်း ရှိတယ်။ ဒါကြောင့် အခု အတက်အဆင်း လှေကားတွေမှာ လက်တန်းတွေ လိုက်တပ်ထားတယ်။ အရင်တုန်းက လက်ကိုင်မပါဘဲနဲ့ ဒီအတိုင်း တက်ကြရတာလေ။ ဒါကြောင့် အတက်အဆင်း အဆင်ပြေစေဖို့ သံလှေကားမှာ စတီးတန်း လက်ကိုင်လေးတွေ လိုက်တပ်ထားတယ်" ဟု မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
    အဆိုပါ အမှတ်(၁၆)အစုန် ပဲခူး-ရန်ကုန် DEMU ရထားသည် ပဲခူးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာပြီး  ရန်ကုန်ဘူတာသို့ နံနက် ၈ နာရီ မိနစ် ၂၀တွင် ရောက်ရှိမည်ဖြစ်သည်။ အမှတ်(၁၅) အဆန် ရန်ကုန်-ပဲခူး DEMU ရထားသည် ရန်ကုန် ဘူတာမှ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြန် လည်ထွက်ခွာ၍ ပဲခူးဘူတာသို့ ည ၇ နာရီ ၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။
    ရန်ကုန်-ပဲခူး အစုန်-အဆန် ခရီးစဉ်များတွင် ကြားဘူတာများအဖြစ် ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးထောင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူ စုစုပေါင်း ၁၂ ဘူတာတွင်ရပ်တန့်ပေးပြီး ရထားလက်မှတ်ခနှုန်းထားများကို ရန်ကုန်ဘူတာကြီးမှ ဓားပိန်ဘူတာအထိ ကျပ် ၁၃၀၀၊ ဒါးပိန်ဘူတာ ကျော်ပါက ကျပ် ၂၅၀၀ သတ်မှတ်ထားသည်။ နဒီ

Total Views ~ 181

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43736

© 2022 - 2025 News. All Rights Reserved.