Breaking

ရမခဌာနချုပ်မှ အရာရှိ၊ စစ်သည်နှင့်ရဲမေအားလုံး၏ အမိနိုင်ငံတော်ကို တတ်စွမ်းသမျှ ကာကွယ်ခဲ့ခြင်းကို အသိအမှတ်ပြုလေးစားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

ရန်ကုန်၊ သြဂုတ် ၆
    အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ ရဲမေအားလုံး၏ တိုင်းစစ်ဌာနချုပ်၊ လားရှိုးနယ်မြေ၊ တပ်မတော်နှင့် အမိနိုင်ငံတော်ကို တတ်စွမ်းသမျှ ရွပ်ရွပ်ချွံချွံ ကာကွယ်ခဲ့ခြင်းကို အသိအမှတ်ပြုလေးစားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သြဂုတ် ၄ ရက် ညပိုင်းတွင် သတင်းမီဒီယာများကို ပြောကြားသည်။
    အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် သြဂုတ် ၃ ရက် ည ၆ နာရီခွဲအထိ ဆက်သွယ်မှုရရှိခဲ့ပြီး ယခုအချိန်ထိ ဆက်သွယ်မှုပြတ်တောက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
    "အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့များအနေနဲ့ ရန်သူကို အစွမ်းကုန်ခုခံခဲ့ပါတယ်။ ရွပ်ရွပ်ချွံချွံ အစွမ်းကုန်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ တပ်ရင်းတပ်ဖွဲ့ ဌာနချုပ်တွေမှာ မိသားစုဝင်အမျိုးသမီးများ၊ ကလေးငယ်များ၊ အရပ်သားများ ပါရှိနေတာဖြစ်လို့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထိန်းသိမ်း ဆောင်ရွက်ခဲ့ရတာ ရှိပါတယ်။ အချို့သော ရဲမေများဟာ စစ်သည်များနဲ့ တန်းတူမဆုတ်တမ်း တိုက်ပွဲဝင်ခဲ့ပါတယ်။ ရဲမေများ၊ မှီခိုသူ မိသားစုဝင်များလည်း သေဆုံးခဲ့ရပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိ ကြီးများဟာ တိုက်ပွဲကို အနီးကပ်ကွပ်ကဲ ပြီး ကိုယ်တိုင်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနဲ့ သြဂုတ် ၃ ရက် ညနေပိုင်း ၆ နာရီခွဲထိ ဆက်သွယ်မှုရရှိခဲ့ပြီး ယခုအချိန်ထိ ဆက် သွယ်မှု ပြတ်တောက်ခဲ့ပါတယ်။ အတည်ပြုဆဲ သတင်းများအရ အရာရှိကြီး အချို့ကို အကြမ်းဖက်သောင်းကျန်းသူများက ဖမ်းဆီးထားကြောင်း သိရှိရပါတယ်။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ ရဲမေအားလုံးရဲ့ တိုင်းစစ်ဌာနချုပ်၊ လားရှိုးနယ်မြေ၊ တပ်မတော်နဲ့ အမိနိုင်ငံတော်ကို တတ်စွမ်းသမျှ ရွပ်ရွပ်ချွံချွံကာ ကွယ်ခဲ့တာကို အသိအမှတ်ပြု လေးစားပါတယ်။ နိုင်ငံတော်အစိုးရ တပ်မတော်အနေနဲ့ ရဲဘော်တို့အပေါ် ရဲဘော်စိတ်အပြည့်နဲ့ နိုင်ငံတော်နဲ့ ပြည်သူအတွက် လုပ်သင့်လုပ် ထိုက်တာတွေကို ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားသည်။
    MNDAA ပူးပေါင်းအဖွဲ့သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ပတ်သက်သည့်  သဘောတူညီချက်ကို ချိုးဖောက်၍ ဇူလိုင် ၃ ရက်တွင် လားရှိုးကို စတင်တိုက်ခိုက်ခဲ့ကြောင်း၊ စတင်တိုက်ခိုက်စဉ်ကတည်းက စစ်ရေးနှင့် မဆိုင်သည့် သာမန်အရပ်သား ပြည်သူများနေထိုင်သည့် နေရာများကို ရှော့ခ်တိုက်ဒုံးများနှင့် Drop Bomb များ ရာနှင့်ချီ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သာမန်အရပ်သား ပြည်သူရာနှင့်ချီ သေဆုံးကြောင်း၊ ထိုသို့တိုက်ခိုက်ရာတွင် စိတ်ကိုပြောင်းလဲစေသည့် မူးယစ်ဆေးများသုံးစွဲပြီး တိုက်ခိုက်ခဲ့သည်ကို တွေ့ရကြောင်း၊ သြဂုတ် ၂ ရက်တွင် တိုင်းစစ်ဌာနချုပ်အနီးက တပ်မတော်ဆေးရုံကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းနှင့် အချို့လူနာများကို သတ်ဖြတ်ခဲ့ပြီး အချို့ကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။
ထူးမြတ်

Total Views ~ 161

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43823

© 2022 - 2025 News. All Rights Reserved.