ရန်ကုန်၊ အောက်တိုဘာ ၃၀
နိုင်ငံတော်က သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သည့် ရုရှားခရီးသွား ဧည့်သည်များအတွက် ဗီဇာကင်းလွတ်ခွင့်ကို တစ်နှစ်ထပ်မံခွင့်ပြုပေးခဲ့ပြီးဖြစ်ရာ ရုရှားခရီးသွားများ ပိုမိုလာရောက်လည်ပတ်စေရေး ဝိုင်းဝန်းဆောင်ရွက် ပေးစေလိုကြောင်းဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ပြောကြားသည်။
အောက်တိုဘာလ ၂၅ ရက်က ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ Tour Operator များနှင့် Tour Agency များပါဝင်သော ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်တွင် လိုက်ပါခဲ့သည့် ကိုယ်စားလှယ်အဖွဲ့များနှင့ တွေ့ဆုံဆွေးနွေးပွဲနှင့် Business Matching အခမ်းအနားသို့ တက်ရောက်ရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားသို့ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ လေကြောင်းလိုင်းများနှင့် ဟိုတယ်နှင့် ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒုတိယဝန်ကြီးက အဓိကခရီးစဉ် ဒေသများအကြား အချိန်တိုတိုအတွင်း သွားရောက်လည်ပတ် နိုင်စေရန် ချောင်းသာ၊ ငွေဆောင်ကမ်းခြေဒေသများနှင့် ချိတ်ဆက်နိုင်ရန် ရည်ရွယ်ပြီး ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး အသွားအပြန် လေကြောင်းခရီးစဉ်ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်မှ စတင်၍ ပျံသန်း ပြေးဆွဲနေကြောင်း၊ နိုင်ငံတော်က သာမန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သည့် ရုရှားခရီးသွား ဧည့်သည်များ အတွက် ဗီဇာကင်းလွတ်ခွင့်ကို တစ်နှစ်ထပ်မံ ခွင့်ပြုပေးခဲ့ပြီးဖြစ်ရာ ရုရှားခရီးသွားများ ပိုမိုလာရောက်လည်ပတ်စေရေး ဝိုင်းဝန်းဆောင် ရွက်ပေးစေလိုကြောင်း၊ မြန်မာ-ရုရှား နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဖလှယ်ရေး ခရီးလမ်းကြောင်း ရေရှည်တည်တံ့အောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးမှ စီးပွားရေးသံမှူးတို့က အမှာစကား ပြောကြားကြပြီး ရင်းနှီးကျွမ်းဝင်မှု ခရီးစဉ်တွင် လိုက်ပါလာသည့် ကိုယ်စားလှယ်တစ်ဦးက ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို ပြန်လည်ရှင်းလင်းကာ မြန်မာနိုင်ငံသို့ ပိုမိုအဆင်ပြေစွာ လာရောက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထူးမြတ်