ရေဘေး ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်အဆင့် အလှူငွေ ၅၃ ဘီလီယံရရှိ

နေပြည်တော်၊ အောက်တိုဘာ ၂၃
    ရေးဘေးကြောင့် ထိခိုက်ပျက်စီးခဲ့ ရသည့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတော်၏ ဘတ်ဂျက်အပြင် နိုင်ငံတော်အဆင့် အလှူငွေလက်ခံခြင်းကို သုံးကြိမ်ဆောင်ရွက်ခဲ့ရာ အလှူငွေ ၅၃ ဘီလီယံ ကျော်ရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ 
    "ရေဘေးကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ဒေသတွေမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ လုပ်ငန်းပမာဏ ကျယ်ပြန့်နေပါတယ်။ နိုင်ငံတော်ရဲ့ ဘတ်ဂျက်အပြင် ပြည်သူလူထု တစ်ရပ်လုံးပါဝင်ဖို့ လိုအပ်တာကြောင့် နိုင်ငံတော်အဆင့် အလှူငွေလက်ခံတာကို သုံးကြိမ်ဆောင် ရွက်ခဲ့ရာမှာ အလှူငွေ ၅၃ ဘီလီယံ ကျော်ရရှိခဲ့ပါတယ်။ တစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်း အနေနဲ့လည်း သက်ဆိုင်ရာ နေရာအသီးသီးကို သွားရောက်လှူဒါန်းကြတာတွေ ဝိုင်းဝန်းကူညီဆောင်ရွက်ကြတာတွေ ရှိပါတယ်။ အလားတူ တပ်မတော်သားတွေ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကြက်ခြေနီ အသင်းအဖွဲ့တွေကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြပါတယ်။ အဲဒီလို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမှုများနဲ့ စေတနာရှင်၊ အလှူရှင်အားလုံးရဲ့ လှူဒါန်းမှုတွေကို နိုင်ငံတော်အနေနဲ့ ကျေးဇူးတင် အသိအမှတ်ပြု မှတ်တမ်းတင်အပ်ပါတယ်"ဟု နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
    အောက်တိုဘာ ၂၁ ရက်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၇/၂၀၂၄ ကို နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 
    ပြီးခဲ့သည့် လအတွင်း ရာဂီမုန်တိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်ခဲ့သည့် အရှိန်များကြောင့် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။  အဆိုပါ ရေကြီးရေလျှံမှုကြောင့် လူသေဆုံးမှု အ နေဖြင့် ယခုအချိန်အထိ စာရင်းအရ ၄၄၄ ဦးရှိခဲ့ကြောင်း သိရသည်။ 
    အလားတူ အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့ရသလို နေအိမ်၊ အဆောက်အအုံများ၊ လမ်းတံတားများ ပျက်စီးခဲ့ပြီး ယာဉ်ယန္တရားများလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။ မြန်မာနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးဆုံး ရှုံးမှုများအနက် ယခုဖြစ်စဉ်သည် ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ကြောင်းသိရသည်။ ကွန်းဈာန်

Total Views ~ 191

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43741

© 2022 - 2025 News. All Rights Reserved.