၂၀၂၄ ၊ ဇန်နဝါရီ ၁၆
ရွေးကောက်ပွဲ နည်းလမ်းဖြင့်သာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ထားသည့်အတွက် ပြည်သူလူထုများ အကြောက်တရား ကင်းကင်းဖြင့် ဆန္ဒမဲပေးနိုင်မည့် နိုင်ငံရေး ပတ်ဝန်းကျင်ကောင်းတစ်ရပ်ကို အစိုးရမှ ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(T.N.D.P)မှ အသိပေးထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ H.E. Mr. Alounkeo Kittikhoun မှ မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံခြင်းအခမ်းအနားတွင် ယင်းပါတီမှ တင်သွင်းသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အကြံပြုချက် စာတမ်းတွင် အထက်ပါအချက်ကို ထည့်သွင်းဖော်ပြထားသည်။
ထို့အပြင် ဒီမိုကရေစီစနစ် ရှင်သန်ရန်မှာ နိုင်ငံရေးပါတီများစနစ်ကျပြီး ခိုင်မာအားကောင်းရန် လိုအပ်ကြောင်း၊ သို့မှသာ ထူးချွန်ထက်မြက်သော ကိုယ်စားလှယ်လောင်းများကို နိုင်ငံရေးပါတီများမှ မွေးထုတ်ပေးနိုင်မည်ဖြစ်ပြီး ပြည်သူလူထုမှလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်တွေးပြီး အရည်အချင်းပြည့်ဝသော ကိုယ်စားလှယ်လောင်းများကို မဲပေးရွေးချယ်နိုင်မည် ဖြစ်ကြောင်း ယင်းပါတီမှ ထုတ်ပြန်ခဲ့သည်။ ယခုကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးတွင် ပါဝင်သင့်ပါဝင်ထိုက်သည့်ပါတီများ ရွေးကောက်ခံနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကျန်ရှိနေသော နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခွင့်ပြုပေးရန် ယင်းပါတီမှ တင်ပြခဲ့သည်။
တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ကချင်ပြည်နယ်အတွင်းသာ စည်းရုံးမည့်ပါတီဖြစ်ပြီး ကချင်ပြည်နယ်တွင် မြန်မာ့တပ်မတော်၊ ဌာနေပြည်သူ့စစ်အဖွဲ့များနှင့် တော်လှန်ရေးလက်နက်ကိုင်အင်အားစုများ မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း၊ ယင်းတိုက်ပွဲများကြောင့် ပြည်သူလူထုမှာ စိုးရိမ်ထိတ်လန့် လျက်ရှိနေပြီး နေရပ်စွန့်ခွာ စစ်ဘေးရှောင် ပြည်သူများလည်း များပြားလျက်ရှိနေ ကြောင်း၊ လူသတ်မှုမှအစ ရာဇဝတ်ပြစ်မှုကျူးလွန်သူ တော်တော်များများကိုလည်း ဖမ်းဆီးနိုင်ခြင်း မရှိသောကြောင့် ပြည်သူလူထုမှာ အကြောက်တရားလွမ်းမိုးခြင်းခံနေရ၍ ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း ပါတီ၏ အကြံပြုစာတမ်းတွင် ဖော်ပြထားသည်။