Breaking

ရွေးကောက်ပွဲအတွက် လိုအပ်သည့် မဲပေးစက်များ ထုတ်လုပ်နေကြောင်း UEC အသိပေး

ရန်ကုန်၊ ဇွန် ၂၆
    ရွေးကောက်ပွဲအတွက် လိုအပ်သည့် မဲပေးစက်များ ထုတ်လုပ်နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားခဲ့သည်။
    ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၀ ရက်က ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပစဉ် UEC ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
    မဲဆန္ဒရှင် ပြည်သူများ မဲပေးရာတွင် မှန်ကန်လွယ်ကူစေရန်နှင့် မဲမသမာမှုများ မဖြစ်ပွားစေရန် လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲပေးစက်များ အသုံးပြုမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ရရှိလာသည့် မဲပေးစက်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် ပျက်စီးမှုမရှိစေရေး စနစ်တကျ သိမ်းဆည်း စီမံဆောင်ရွက် လျက်ရှိကြောင်း UEC ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
    ထို့အပြင် ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားမည်ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်တစ်ခုနှင့် တစ်ခုအကြား သတ်မှတ်ကာလအတွင်း မဲပေးစက်များ လုံခြုံစွာစနစ်တကျ ရွှေ့ပြောင်းပေးနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နည်းလမ်းများ ဝိုင်းဝန်း ဆွေးနွေးပေးကြရန်နှင့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန်လည်း UEC ဥက္ကဋ္ဌ ဦးကိုကိုက အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ ညီသစ်

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45816

© 2022 - 2025 News. All Rights Reserved.