ရန်ကုန်၊ စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်အတွင်း ရွှေထည်နှင့်ငွေကြေးများ လုယက်ယူဆောင်သွားခဲ့မှုဖြစ်စဉ်မှာ တရားခံခြောက်ဦးကို သက်သေခံပစ္စည်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၀ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြို့သစ် (၁) ရပ်ကွက်၊ ၇၁ လမ်းနှင့် ၁၀၁ (B) လမ်းထောင့်နေ 'ချောင်ချောင်' ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဦးရွှေဝင်း (၅၇) နှစ် (ဘ) ဦးဝမ်ချောင်သည် ၎င်းဖွင့်လှစ်ထားသည့် မန္တလေးမြို့အတွင်းရှိ 'ချောင် ချောင်'ရွှေဆိုင်သုံးဆိုင်သို့ သွားရောက်ရန် ရွှေထည်ပစ္စည်းများနှင့် ငွေသားများအား ကားပေါ်သို့ တင်နေစဉ် 3J/8313 ADVAN အမျိုးအစားမော်တော်ယာဉ်ဖြင့် အမျိုးသားခြောက်ဦး (စိစစ်ဆဲ)က သေနတ်များ ကိုင်ဆောင်ကာ ရောက်ရှိလာပြီး ရွှေ ၁၀ ပိဿာကျော်နှင့် ငွေကျပ်သိန်း ၁၀၀၀ ခန့်တို့အား ဓားပြတိုက်လုယက်ယူဆောင် ထွက်ပြေးသွားကြောင်း သတင်းအရ တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) နယ်မြေရဲ စခန်း (ပ)၂၂၀/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့သည်။
အထက်ပါဖြစ်စဉ်မှ လုယက်မှုကျူးလွန်ရာတွင် ပါဝင်သူဖြစ်သည့် ပုသိမ်ကြီးမြို့နယ် ကုန်းတန်းရပ်ကွက်နေ ခင်မောင်စိုး (၄၀)နှစ် (ဘ) ဦးကျော်သောင်းအား ချမ်းအေးသာစံမြို့နယ် ရွှေပြည်သာ ဟိုတယ်ရှေ့လမ်း (၃၀) မြို့ပတ်လမ်းပေါ်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ဓားပြတိုက်လု ယက်မှုကျူးလွန်ရာတွင် ၎င်းင်းအပါအဝင် နိုင်မင်းေ၀ (ခ) ကုလား (ခ) ကျော်ကြီး၊ ကျော်စိုးမင်းထွန်း (ခ) ညီညီစိုး၊ ဇင်ကိုကိုကျော် (ခ)ကရင်ကြီး၊ အောင်ဇော်ထွန်း (ခ) အငယ်ကောင်၊ လှိုင်းထက်အောင် (ခ) တောဝက် (ခ) ဝက်ကလေးနှင့် ချမ်းသာ (ခ) ရွှန်းထက်မောင်တို့ ခြောက်ဦးက ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိသူ တရားခံများ၏ ထွက်ဆိုချက်အရ ဓားပြတိုက်လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်နှင့် ဓားပြတိုက်လုယက်ယူဆောင်ခဲ့သည့် ရွှေထည်ပစ္စည်းအချို့အား ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာနေ တရားခံအောင်ဇော်ထွန်း (ခ) အငယ်ကောင်၏နေ အိမ်၌ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် စက်တင်ဘာလ ၁၄ ရက် ည ၁၂ နာရီခွဲ တွင် သွားရောက်ရှာ ဖွေဖမ်းဆီးခဲ့ရာ တရားခံအောင်ဇော်ထွန်း (ခ) အငယ်ကောင် (၂၁) နှစ်(ဘ)ဦးထွန်းလင်းအား မီးခံသေတ္တာအတွင်း ထည့်ထားသည့် သက်သေခံရွှေထည် ပစ္စည်းများနှင့် နေအိမ်ခြံဝင်းအတွင်းမှ ပြစ်မှုကျူး လွန်ရာတွင် အသုံးပြုခဲ့သော မော် တော်ယာဉ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာ ၁၅ ရက် နံနက် ၂ နာရီတွင် တရားခံ ခင်မောင်စိုး၏နေအိမ်မှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Glock အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ Kimber Custom အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ ကျည် ၁၄ တောင့်နှင့် သက်သေခံ ရွှေထည်ပစ္စည်းများအား ထပ်မံသိမ်း ဆည်းရမိခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲတွင် ပုသိမ်ကြီးမြို့နယ် မဲကင်း ကုန်းကျေးရွာနေ တရားခံ လှိုင်းထက်အောင် (ခ) တောဝက် (ခ) ဝက်ကလေး (၂၅)နှစ် (ဘ) ဦးကျော် သက်အောင်အား ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်တိုးဂိတ်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် ဓားပြတိုက်လုယက်မှု ကျူးလွန်ခဲ့သူ ခင်မောင်စိုးပါ တရားခံခြောက်ဦးအား လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဒုစရိုက်မှုကို မလိုလားသည့် တာဝန်သိပြည်သူများနှင့် ပူးပေါင်းကာ သက်သေခံ ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထွက်ပြေးလွတ်မြောက် လျက်ရှိသည့် ဖမ်းဆီးရန်ကျန် တရားခံ ချမ်းသာ (ခ) ရွှန်းထက်မောင် (၂၆) နှစ် (ဘ) ဦးခင်မောင်အား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထူးမြတ်