ရွှေဈေးကျသော်လည်း ဈေးကွက်အတွင်း ဝယ်လိုအားနည်းနေ၊ လာမည့်လများတွင်လည်း တအိအိ ကျနေဦးမည်

၂၀၂၃ စက်တင်ဘာ ၂၀
    ရွှေဈေးနှုန်းများ တအိအိကျဆင်း နေသော်လည်း ဈေးကွက်အတွင်း ဝယ်လိုအားနည်း နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
    "အရောင်းအဝယ်အေးတယ်။ လာရောင်းတဲ့လူတောင် တစ်ရက်လောက် ကြာမှငွေရှင်းတယ်။ ရွှေအိုင်နေတယ်။ အဲဒါက ဝယ်လိုအားနည်းလို့ဖြစ်တာ။ ရောင်းလို အားများနေတယ်။ လာမယ့် လတွေမှာလည်း ရွှေဈေးက တအိအိတော့ ကျနေမှာပဲ။ ဈေးအမြင့်နဲ့ ဝယ်ထားတဲ့လူက အကျဈေးကျ တော့ ထိန်းနိုင်သမျှ ထိန်းထားတာပေါ့။ မဖြစ်မနေတွေ ကျတော့လည်း ရောင်းရတာပေါ့။ တချို့ ကျတော့လည်း အကျဈေးမှာ တစ်ခါပြန်ပြီးတော့ရောင်း၊ ရောင်းပြီးတော့ နောက်ထပ်ထပ်အကျကို တစ်ခါထပ်ပြန်ဝယ်ပေါ့။ အဲဒီလိုတွေ အရောင်းအဝယ်လုပ် တဲ့သူတွေလည်း ရှိတယ်။ နည်းဗျူဟာအမျိုး မျိုးပဲ။ အရောင်းအဝယ် လုပ်ကြတာက။ တချို့ကလည်းဝယ်ပြီး ကိုင်စောင့်နေတာ။ တစ်ခါတည်းဝယ်ပြီး တော့ သုံး၊ လေးလထိုင် စောင့်နေတာ။ တချို့ကျတော့လည်း ကျသွား ရင်ရောင်းတယ်။ နောက်နှစ် သောင်း၊ သုံး သောင်းလောက် ထပ်ကျရင် တစ်ခါပြန်ဝယ်ပေါ့။ အဲဒီလိုကစားတဲ့သူတွေလည်း ရှိတယ်။ ရွှေမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေ သိပ်အများကြီးတော့ မလာနိုင်တော့ဘူး။ ရွှေကဘယ် လိုဖြစ်သလဲဆို တော့ ရွှေကိုဝယ်မရတော့ ကားကို သွားလုပ်တဲ့အခါ ကားမှာ လူတွေအကုန်လုံး နားကားကုန်တာပေါ့။ ရွှေဈေးဘယ် လောက်ထပ်ကျမလဲ တိတိကျကျတော့မပြော နိုင်သေးဘူး။ ဒေါ်လာဈေးကျမှ ကျမှာ လေ။ ဒေါ်လာကလည်း တိုင်းပြည်က လိုအပ်ချက်များနေတယ်။ မုန်တိုင်းဝင်တော့ရှိတဲ့ ပိုက်ဆံ ကအကုန်လုံး ပြန်လည်ထူထောင်ရေးမှာ ပစ္စည်းတွေဝယ်လိုက်ကြတော့ ဒေါ်လာက တက်သလို ဖြစ်သွားတာပေါ့"၎င်း ကပြောသည်။ 
    ယခုအခါ ရွှေဈေးကွက်အတွင်း ဈေးကစားသူများနှင့် လေပတ်ကားများ တဖြည်းဖြည်းလျော့ နည်းလာပြီး ရွှေလုပ်ငန်း ရှင်များအသင်းအနေဖြင့်လည်း ငွေကြေးခဝါ ချမှုများမဖြစ်စေရန် သင်တန်း များပို့ချပေးနေကြောင်း ဦးမျိုးမြင့်ကပြောသည်။ 
    "လေပတ်ကားတွေ၊ ဈေးကစားတဲ့လူတွေ ဌာနဆိုင်ရာက အရေးယူလိမ့်မယ်။ အရေးယူဖို့အစီ အစဉ်ရှိတယ်။ အခုလည်းစစ် ဆေးနေတယ်။ ဖွတဲ့ဟာတွေ ဂျင်းထည့်တဲ့ဟာတွေ စစ်ဆေးနေတယ်။ အခုက ဈေးကစားတာတွေတော့ လျော့သွားတယ်။ ငွေကြေးခဝါချတာနဲ့ အကြမ်းဖက်မှုထောက်ပံ့မှုတွေ မဖြစ်အောင် လစဉ်သင်တန်းတွေ ပို့ချပေးနေတဲ့အခါကျတော့ တော်တော်များများက သိသွားတယ်။ နယ်စပ်ဖြတ်ကျော်လုံး၀ မရှိတော့ဘူး။ ဈေးကစားတာတော့ အနည်းအကျဉ်းကျန်သေးတယ်။ ကောလာ ဟလတွေ မရှိရင်တော့ သူ့ဟာသူကျသွားမှာ။ ကောလာဟလ တစ်ခုခုဖြစ်ရင် အဲဒါကိုအခြေခံပြီးတော့ လူတွေက ယောက်ယက်ခတ် ကုန်တာ"ဟု ၎င်းကပြောသည်။ 
    ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက် နံနက်ပိုင်းက အကယ်ဒမီ မီးလင်းရွှေ အဖွင့်ဈေး (ကျပ်နှစ်ဆယ့် နှစ်သိန်းကိုးသောင်း တစ်ထောင့် လေးရာ)၊ ကမ္ဘာ့ရွှေဈေး (World Gold Price)1 Ounce = 1945 USD$ ရှိခဲ့သည်။
    အလားတူ သြဂုတ်လ ၃၁ ရက် ညနေပိုင်းက အကယ်ဒမီ မီးလင်းရွှေအပိတ်ဈေး (ကျပ် နှစ်ဆယ့် နှစ်သိန်း ကိုးသောင်း တစ်ထောင့် လေးရာ)၊ ကမ္ဘာ့ရွှေဈေး (World Gold Price) 1 Ounce = 1945 USD$ ရှိခဲ့ရာမှ ယခုလ စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်း အကယ်ဒမီ မီးလင်းရွှေအဖွင့်ဈေး (ကျပ် နှစ်ဆယ့် နှစ်သိန်း ခုနစ်သောင်း နှစ်ထောင့် ခြောက်ရာ)၊ ကမ္ဘာ့ရွှေဈေး (World Gold Price)1 Ounce = 1929 USD$  ရှိခဲ့ပြီး စက်တင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းက အကယ်ဒမီ မီးလင်းရွှေဈေး(ကျပ် နှစ်ဆယ့် နှစ်သိန်း ခုနစ်သောင်း နှစ်ထောင့် ခြောက်ရာ)၊ ကမ္ဘာ့ရွှေဈေး (World Gold Price)1 Ounce = 1929 USD$  ရှိခဲ့သည်။ 
    စက်တင်ဘာလ ၁၈ ရက် ညနေ ပိုင်းက အကယ်ဒမီ မီးလင်းရွှေအပိတ်ဈေး (ကျပ် နှစ်ဆယ့် နှစ်သိန်း ခြောက်သောင်း ကိုးထောင်)၊ ကမ္ဘာ့ရွှေဈေး (World Gold Price) 1 Ounce = 1926 USD$ ရှိသည်။ 
    ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ မန္တ‌လေးတိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌနှင့် မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌတို့သည် ရွှေဈေးနှုန်း ကျဆင်းစေရေးအတွက် စက်တင်ဘာ ၁၈ ရက်က YGEA အသင်းရုံးတွင် OnLine Zoom Meeting ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

Total Views ~ 240

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43804

© 2022 - 2025 News. All Rights Reserved.