ရှမ်းပြည်နယ်(တောင်ပိုင်း) ရိုးရာပွဲတော်များ အစဉ်အလာမပျက် ကျင်းပမည်

ရန်ကုန်၊ အောက်တိုဘာ ၃၀
    ရေဘေးသင့်ဒဏ် ခံစားခဲ့ရမှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ  ဆောင်ရွက်နေပြီး တစ်ဖက်တွင်လည်း ပွင့်လင်းရာသီ အရောက်တွင် ကျင်းပလေ့ရှိသည့်  ရိုးရာပွဲတော်များကို အစဉ်အလာမပျက် ကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။
    ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသသည် ပွင့်လင်းရာသီ အရောက်တွင် ရိုးရာဓလေ့များအရ ကျင်းပသည့် မီးလုံးပွဲများ၊ ကထိန်ပွဲများ၊ မီးပုံးပျံပွဲတော်များသည် ခရီးသွားပြည်သူများ အထူးစိတ်ဝင်စားလေ့ရှိပြီး ဒေသခံများအနေဖြင့်လည်း ယင်းပွဲတော်များကို နှစ်စဉ်မဖြစ်မနေ ကျင်းပလေ့ရှိကြောင်း သိရသည်။
    "ကိုဗစ်မှာ ပွဲတွေတော်တော်ပျက်ခဲ့တယ်။ ဒီရာသီရောက်ရင်တော့ မနေနိုင်ဘူးဗျ။ အခုဆိုရင် မီးလုံးပွဲတွေ ရွာအလိုက် ကျင်းပနေပြီ။ နောက် ကထိန်ပွဲတော်တွေ အတွက်လည်း ပြင်ဆင်နေပြီ။ တစ်မူးရလို့ တစ်ပဲလှူဆိုတဲ့အတိုင်း အောင်ပန်းဘုံကထိန်လည်း လုပ်ဖြစ်တယ်။ တောင်ကြီးမီးပုံးပျံပွဲလည်း ဖြစ်တယ်။ ရေဘေး ကြုံခဲ့ရပေမယ့်လည်း ပွဲတော်ရာသီရောက်ရင်တော့ အစဉ်အလာမပျက်ဘူးပေါ့ဗျာ။ ခရီးသွားတွေကလည်း လာကြမှာပဲ"ဟု အောင်ပန်းမြို့ဒေသခံတစ်ဦးက ပြောသည်။
    လတ်တလော ရိုးရာပွဲအဖြစ်ရှမ်း ပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့တွင်(၁၉) ကြိမ်မြောက် ရိုးရာမီးရှော်တိုင်ပွဲနှင့် မီးကြာစံ ထွန်းညှိပူဇော်ပွဲတော်အား လာမည့်နိုဝင်ဘာ ၁၆ ရက်မှစတင်၍ သုံးရက်ကြာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ ပွဲတော်ကို ကလောမြို့ရှိ ကလောမြို့ ပန်းခြံ၌ နိုဝင်ဘာ ၁၆ ရက်တွင် Kalaw Net ၊ မြက်ရဲအင်း၊ ပဲရင်းတောင်၊ မီးနဂါး၊ Fire Baby ၊ နိုဝင်ဘာ ၁၇ ရက်တွင် မီးဝိဇ္ဇာ၊ မှော်ဝင်၊ ရွှေမြန်မာ၊ ရှမ်းပျော်၊ သာယာကုန်း၊ နိုဝင်ဘာ ၁၈ ရက်တွင် ဘုံစု(ခ)ယံြုကွား၊ အင်းပြင်၊ စခန်းသာ လူငယ်၊ ရွှေဥမင်၊ Phoenix တို့က ထွန်းညှိ ပူဇော်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
    ထို့အပြင်၂၀၂၄ ခုနှစ်တောင်ကြီး မြို့တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲအား နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်အထိ နေ့လွှတ် အရုပ်ပြိုင်ပွဲ အရုပ်ခြေ နှစ်ချောင်း၊ အရုပ်ခြေလေးချောင်း အရုပ်အုပ်စုများ ညလွှတ်ပြိုင်ပွဲတွင် ညမီးကြီးမီးပုံးပျံ၊ စိန်နားပန် မီးပုံးပျံတို့အား အဝေရာ မီးပုံးပျံကွင်းတွင် ခုနစ်ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 276

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43732

© 2022 - 2025 News. All Rights Reserved.