၂၀၂၄ ၊ ဖေဖော်ဝါရီ ၂၇
လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေကြသည့် အမေရိကန် တရားစီရင်ရေးစွဲချက် ခေါင်းစဉ်အောက်မှနေ၍ ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပတ်သက်နေသည်ဟုဆိုသည့် ယူရေနီယံရောင်းဝယ်မှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အတွင်း ယူရေနီယံထွက်ရှိကြောင်းကို တစ်ကြိမ်တစ်ခါမှ မကြားသိဖူးကြောင်း RCSS ဥက္ကဋ္ဌ ပြောကြားလိုက်သည်။
RCSS သတင်းများကိုသာဖော်ပြလေ့ရှိသည့် Tai Freedom သတင်းဌာနမှ RCSS ဥက္ကဋ္ဌကို မေးမြန်းခဲ့ခြင်းအပေါ် "ယခုရက်ပိုင်းအတွင်း online media များတွင် ဖော်ပြထုတ်လွှင့်လျက်ရှိသော အမေရိကန်တရားစီရင် ရေးစွဲချက်ခေါင်းစီးအောက်မှ ယူရေနီယံ ရောင်းဝယ်ရေးသတင်းနှင့်ပတ်သက်၍ မေးမြန်းရာတွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ စဝ်ယွက်စစ်က လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က သျှမ်းပြည်အတွင်း၌ ယူရေနီယံ ဓာတ်သတ္တုထွက်သည်ဟု သတင်းရသဖြင့် အဆိုပါ ဓာတ်သတ္တုများ ဝယ်ယူလိုကြောင်း နိုင်ငံခြားသားတစ်ဦးက ပြောဆိုလာခဲ့ဖူးကြောင်း၊ သို့ရာတွင် မိမိအနေဖြင့် မည်သည့်နေရာဒေသတွင် အဆိုပါ ယူရေနီယံများထွက်သည်ကို တစ်ကြိမ်တစ်ခါမျှ မကြားသိရ ဖူးကြောင်း၊ ယူရေနီယံအကြောင်းကိုပင် စိုးစဉ်းမျှ သိနားလည်ခြင်းမရှိသဖြင့် လေ့လာကြည့်ပါဦးမည်ဟူ၍သာ ပြန်ကြားခဲ့ဖူးကြောင်း၊ မည်သည့် အရောင်းအဝယ်ကိစ္စကို မည်သူနှင့်မျှတုံ့ပြန် ဆွေးနွေးမှု မပြုခဲ့ဖူးကြောင်း၊ အဆိုပါ စွပ်စွဲချက်များမှာ ရှေး ယခင်ကနည်းတူ မိမိအား မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် မည်သို့ပတ်သက်သည်ဟု တစ်ဖက်သတ်စွပ်စွဲခဲ့ဖူးသော အရင်းအမြစ် မရှိသည့် Discredit လုပ်ရပ်တစ်ခုသာဖြစ်ကြောင်း" ပြန်လည်ဖြေကြားခဲ့သည်။
ဂျပန်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်မှတစ်ဆင့် အီရန်နိုင်ငံထံသို့ မြန်မာပြည်ထွက် နျူကလီးယား ဓာတ်သတ္တုကုန်ကြမ်းများ ရောင်းချရန် ကြိုးစားခဲ့သူမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌဖြစ်ကြောင်း အမေရိကန်တရားရေးဌာန၏ စွပ်စွဲခဲ့သလို RCSS ဥက္ကဋ္ဌ အဓိက ပါဝင်ပတ်သက်နေသည့် မြန်မာနိုင်ငံမှ နျူကလီးယား ဓာတ်သတ္တုကုန်ကြမ်းများ အီရန် နိုင်ငံသို့ရောင်း ချရန် ကြိုးစားမှုဖြင့် ဂျပန်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကို အမေရိကန်က အမှုထပ်တိုးတရား စွဲလိုက်ကြောင်း CNN အပါအဝင် အမေရိကန်အခြေစိုက် သတင်းဌာနများက စွပ်စွဲဖော်ပြခဲ့ခြင်းဖြစ်သည်။