Breaking

ရှမ်းမြောက်တိုက်ပွဲများကြောင့် မူဆယ်လမ်းကြောင်း ကုန်စည်စီးဆင်းမှုများ ယာယီရပ်တန့်နေ

၂၀၂၃ အောက်တိုဘာ ၃၀
    ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲများကြောင့် မူဆယ်လမ်းကြောင်း ကုန်စည်စီးဆင်းမှုများ လတ်တလော ရပ်တန့်နေကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများနှင့် ရှမ်းမြောက်ဒေသခံများထံမှ သိရသည်။ 
    လတ်တလောအခြေအနေအရ မူဆယ်လမ်းပိုင်းတွင် ကုန်စည်စီးဆင်းမှုများ လည်း ရပ်တန့်နေကြောင်း ရန်ကုန်-မန္တလေး -မူဆယ်-မြဝတီ ကုန်စည်ပို့ဆောင်ရေးမှ ကိုမိုးယံထွန်းက ပြောသည်။ 
    "လမ်းပိုင်းအခြေအနေကတော့  အခြေအနေဘယ်လိုမှ အဆင်မပြေဘူး။ အခုလောလောဆယ် ကားအသွားအလာတွေတော့ အကုန်ရပ်ထားတယ်။ အပေါ်က ကားတွေလည်း ဆင်းမရဘူး။ မူဆယ်မြောက်ပိုင်းလမ်း အကုန်လုံးပိတ်ထားတယ်။ ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေတဲ့သဘော ရှိတာပေါ့။ အခုကတော့ ဘယ်လောက်ကြာမလဲ မပြောတတ်ဘူး။ လမ်းကြောင်းက အခြေအနေဆိုးနေတော့ တစ်လဖြစ်မလား။ အကန့်အသတ်မရှိ ဖြစ်မလား မပြောတတ်ဘူး။ လမ်းကြောင်းမပွင့်တဲ့အခါမှာ အထားမခံတဲ့ ပစ္စည်းတွေကတော့ ပျက်စီးဆုံးရှုံးတတ်တဲ့ သဘာဝတော့ရှိတာပေါ့။ အခုလော လောဆယ် သစ်သီးဝလံက သိပ်မထွက်သေးတော့ အဲဒီလောက်အထိတော့ ထိခိုက်နစ်နာမှု သိပ်မရှိ သေးဘူး။ ငါးတို့၊ ဘာတို့တော့ ထိခိုက်မှုရှိတယ်။ မရောက်ခင် ပြန်လှည့်လို့ရတဲ့ နေရာလေးတွေရှိတယ်။ ဒီအချိန်က ရာသီပေါ်သီးနှံက ဖရဲတစ်ခုပဲရှိသေးတယ်။ ဒါပေမဲ့ အခုက ဖရဲသီးကိုလည်းပိတ်ထားတယ်။ ဖရဲသီးလမ်းကြောင်းလည်းသွား လို့မရဘူး။ ကုန်သည်တွေ တချို့ကတော့ အောက်ဗမာပြည်ပဲ ပြန်လှည့်ပို့နေရတာရှိ တာပေါ့။ ချင်းရွှေဟော်ကနေ တရုတ်ပြည်ဘက်ပို့တာဆိုတော့ အသားငါးတို့၊ သစ်သီး၀လံတို့ အဲဒါတွေကတော့ မူဆယ်ထဲ ပြန်ပို့ တာပေါ့"ဟု ၎င်းကပြောသည်။ 
    တိုက်ပွဲဖြစ်ပွားရာတွင် မသွားရဲ၊ မလာရဲ အခြေအနေများကြောင့် နယ်စပ်ကုန်သွယ်ရေးကို အနည်းနှင့်အများ ထိခိုက်မှုရှိကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က ပြောသည်။ 
    "ထိန်းချုပ်ထားတာတော့ အများကြီးမရှိသေးပါဘူး။ ဒါပေမဲ့ ကုန်သည်တွေကတော့ မသွားရဲသေးဘူးပေါ့နော်။ လမ်းကြောင်းအနေအထားအရ။ အရင်ကလို တအားသွားတာမရှိဘူး။ ဒါပေမဲ့ ကျွန်တော် ထင်တာကတော့ နောက်ထပ် လေး၊ ငါးရက် အတွင်း ပုံမှန်အခြေအနေ ပြန်ရောက်မယ်လို့ တော့ မျှော်မှန်းပါတယ်။ ကုန်စည်ပြတ် တောက်မှုကတော့ လမ်းကြောင်းအရ ဖြစ် နေတာ။ ဟိုဘက်က ဆင်းလာတဲ့ကားလည်း မဆင်းနိုင်ဘူးပေါ့။ ဒီဘက်က နံပါတ်(၁) ထိခိုက်နစ်တာတာကတော့ စိုက်ပျိုးရေး ထုတ်ကုန်တွေပေါ့။  စိုက်ပျိုးရေးထုတ်ကုန်ဆိုတာ အကြာကြီး ထားလို့မရဘူးလေ။ ပျက်စီး သွားမှာတွေ ရှိတာပေါ့။ အဲဒါတွေကို တောင်သူ တွေကတော့ ခံစားရမှာပေါ့။  နယ်စပ်ကုန် သွယ်ရေးက အနည်းနဲ့အများတော့ ထိခိုက် သွားတာပေါ့။ တကယ်တမ်းကျတော့ တပ်မတော်ဘက်ကလည်း ဒီအနေအထားကြီးကို အကြာကြီးထားမှာ မဟုတ်ပါဘူး။ အမြန်ဆုံး တော့ရှင်းနေတာပေါ့"ဟု ၎င်းကပြောသည်။ 
    မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ ဆန်ကုန်သည် ဦးမင်းသိမ်းက "အခြေအနေတွေက ရှုပ်ထွေးနေ တယ်။ လောလောဆယ် ဘာမှပြောလို့မရသေးဘူး"ဟုပြောသည်။ 
    လားရှိုးမြို့ဒေသခံတစ်ဦးက"လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှုကတော့ ရပ်တန့်နေတဲ့ သဘောတော့ရှိတယ်။ ပြည်ထောင်စုလမ်းမကြီးကိုလည်း ပိတ်ထား တယ်လို့ကြားရပါတယ်"ဟု ပြောသည်။ 
    ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အောက်တိုဘာ ၂၇ ရက်က ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲများ ကြောင့် မန္တလေး၊ လောက်ကိုင်၊ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်ကားလိုင်းများ ယာယီရပ်နားထားကြောင်း သိရသည်။
    ထို့အပြင် မူဆယ်၊ ကွတ်ခိုင်၊ လားရှိုးဘက်က မန္တလေးဘက်သို့ ဆင်းလာသည့် ကားများ အဝင်မရှိသေးကြောင်း သိရသည်။ 

Total Views ~ 303

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43866

© 2022 - 2025 News. All Rights Reserved.