ရန်ကုန် အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်၊ လောက်ကိုင်၊ လားရှိုး၊ ကွမ်လုံ၊ သိန္နီမြို့များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးအရ တန်ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်နေဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီမှ စတင်ကာ အဆိုပါနေရာများအနက် နေရာအချို့တွင် ထိတွေ့တိုက်ပွဲ များဖြစ်ပွားခဲ့ခြင်းဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်ရယ်၊ ကွမ်လုံ၊ လောက်ကိုင် အနောက်ဘက်ခြမ်းပေါ့၊ သိန္နီ နားလေးမှာ ဒီနေ့မနက် လေးနာရီလောက်မှာ ထိ့တွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ရှိတယ်။ ချင်းရွှေဟော်နားက ကျွန်တော်တို့ ဖောင်ဆိပ် နယ်စပ်ကုန်သွယ်ရေးစခန်းနေရာ၊ ပြီးရင် အပေါ်ဘက်မှာရှိတဲ့ လောက်ကိုင်ဘက်နဲ့ ကူးတဲ့ တံတား တစ်စင်းရှိတဲ့နေရာတို့၊ အဲဒီနေရာတွေမှာတော့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်။ သိန္နီရဲ့ အရှေ့ ဘက်ခြမ်းမှာလည်း တစ်ချို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ရှိတယ်။ လားရှိုး အရှေ့ဘက်ခြမ်းမှာရှိတဲ့ ရွာတွေ မှာလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာတွေ ရှိတယ်။ ကွမ်လုံဘက်မှာလည်း ကွမ်လုံနဲ့ ချင်းရွှေဟော်ကြား ထဲမှာ လည်း တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဆက်လက်၍“ရှမ်းပြည်နယ်မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးအတွက် အမြဲတမ်းကြိုးပမ်း ဆောင်ရွက်လျက်ရှိတယ်။ အဲ့လိုဆောင်ရွက်လျက်ရှိပေမယ်လို့ တည်ငြိမ်အေးချမ်းမှုကို ဖျက်စီးပြီးတော့ ဒီလိုမျိုး သောင်းကျန်းသူများ အနေနဲ့ ဆောင်ရွက်လာတာ ဖြစ်တယ်။ ဒါကိုတော့ တပ်မတော်အနေနဲ့ကတော့ ပြည်သူ့အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးအတွက်ကိုတော့ ကျွန်တော်တို့ အနေနဲ့ ပြန်လည်ပြီးတော့ လုံခြုံရေးအရ တန်ပြန်ဆောင်ရွက် မှုများကို ဆောင်ရွက်သွားမှာဖြစ်တယ်။ အခုလည်း ပြုလုပ်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ချင်းရွှေဟော်မြို့ရှိ ဖောင်ဆိပ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ရဲစခန်း၊ ပြည်သူ့စစ်တို့ ကျဆုံးခဲ့ခြင်းများရှိ ကြောင်း၊ ထို့ပြင် ယခင်ကိုးကန့်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးပယ်ဆောက်ချိန်ပိုင်ဆိုင်သည့် ဟိုတယ်သို့ MNDAA တပ်ဖွဲ့များက ဝင်ရောက်ကာ ဟိုတယ်ဝန်ထမ်းအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။
ချင်းရွှေဟော်မှာရှိတဲ့ တပ်စခန်းတွေရှိတယ်၊ အဲ့ထဲက တစ်ချို့သော ထောင်ဆိပ်ဘက်မှာရှိတဲ့ ပြည်သူ့ စစ်တို့၊ ရဲစခန်းတွေတို့ ကျဆုံးခဲ့တဲ့ဟာ ရှိတယ်။ သေဆုံးခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။ နောက်တစ်ခုက တော့ ချင်းရွှေဟော်မြို့ထဲမှာ MNDAA က ဝင်သွားပြီးတော့ ချင်းရွှေဟော် ယခင်တုန်းကတော့ ကိုးကန့်ဒေသ ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဦးပယ်ဆောက်ချိန် ရဲ့ ဟိုတယ်ကိုလည်း ဝင်သွားတာရှိတယ်။ အဲ့ဒီက ဟိုတယ် ဝန်ထမ်းတွေနဲ့ တချို့သော အရပ်သူ၊ အရပ်သားတွေ ဖမ်းဆီးသွားတာရှိတယ်။ ဖမ်းဆီးပြီးတော့ နမ့်တိန် ဝ ဒေသထဲကို ခေါ်ဆောင်သွားတာ ရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဖမ်းဆီးခံရသူများပြန်လည်လွတ်မြောက်ရန် ၀ ဒေသနှင့် ဆက်သွယ်နေကြောင်း၊ အလားတူ ချင်းရွှေဟော်မြို့မှာ နယ်စပ်မျဉ်းပေါ်တွင် တည်ရှိသည့် မြို့ဖြစ်နေသဖြင့် ပြည်လည်ထိန်းချုပ်နိုင်အောင် တရုတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“လက်ရှိ အခြေအနေအရတော့ ချင်းရွှေဟော်ဆိုတာက နယ်စပ်မျဉ်းပေါ်မှာရှိတဲ့ မြို့ဖြစ်တယ်။ ဒါကြောင့်မလို့ ပြန်လည်အခြေအနေ ထိန်းချုပ်နိုင်အောင်၊ တည်ငြိမ်အေးချမ်ရေး လုပ်နိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်အစိုးရနဲ့လည်း ယခင်တည်းက နယ်စပ်ဒေသတည်ငြိမ် အေး ချမ်းရေး ပူးပေါင်း ဆောင်ရွက်နေတာဖြစ်တယ်။ ဒီနေရာမှာတော့ ချင်းရွှေဟော် နားတဝိုက်က နယ်စပ်ဒေသ မျဉ်းနဲ့ နီးတဲ့အတွက်ကြောင့်မလို့ ကျွန်တော်တို့အနေနဲ့ လုံခြုံရေးအရ ဆောင်ရွက်တဲ့နေရာမှာ အကန့်အသတ် တွေတော့ ရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။