ရန်ကုန်၊ စက်တင်ဘာ ၁၇
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် ရေရှည်တည်တံ့ခိုင်မြဲစေရေး စနစ်တကျ ထိန်းသိမ်းရာတွင် ခေတ်မီနည်းစနစ်များဖြင့်လည်း ထိန်းသိမ်းရန်လိုပြီး ရှေးမူမပြတ် ခေတ်နှင့်အညီ ဖြစ်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
စက်တင်ဘာ ၁၅ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းသမိုင်းဝင်စေတီတော်ကြီးများ ပြုပြင်ထိန်းသိမ်းနေမှု အခြေအနေများနှင့် မိုးသည်းထန်စွာရွာသွန်းစဉ် ပျက်စီးခဲ့မှုများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရွှေစည်းခုံစေတီတော်မြတ်ကြီး ထိန်းသိမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရင်ပြင်တော်ရှိ မူလသဲကျောက်ပြားများအား သုတေသနပြုဆောင်ရွက်ပြီး ရှေးမူမပြတ် ထိန်းသိမ်းဆောင်ရွက်ထားရှိရန်လိုကြောင်း၊ သာသနာရေးဆိုင်ရာ အဆောက်အအုံများ ပြန်လည်ပြုပြင်ရာတွင်လည်း မူလအလှူရှင်များ၏ ဆွေမျိုးများကို ပြန်လည် ဆက်သွယ်၍ လိုအပ်သည့် ပြုပြင် ထိန်းသိမ်းမှုများဆောင်ရွက်သွားရန်နှင့် အဆောက်အအုံများ၏ သမိုင်းမှတ်တမ်းများ ပြုစုထားရှိရန်လိုကြောင်း၊ ရှေးဟောင်း သာသနာရေးဆိုင်ရာ အဆောက်အအုံများသည် အဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သဖြင့် ရေရှည်တည်တံ့ခိုင်မြဲနေစေရေး စနစ်တကျထိန်းသိမ်းထားရှိသွားရန် လိုကြောင်း၊ စေတီတော်ကြီး ပရဝဏ်တော်အတွင်း အခြားအဆောက်အအုံအသစ်များ ဆောက်လုပ်ခြင်း မပြုရန်လည်းလိုကြောင်းနှင့် စေတီတော်ကြီးရှိ ရှေးဟောင်းကျောက် စာများကိုလည်း စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ဆက်လက်၍ စေတီတော်ကြီးများကို ခေတ်နှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရာတွင် ရေရှည်စီမံချက်များဖြင့် စနစ်တကျ စဉ်းစားတွက်ချက် ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုလတ်တလော ဆောင်ရွက်ထားသည့် ထိန်းသိမ်းထားရှိမှုများသည် လိုအပ်ချက်များစွာ ရှိနေသေးသည်ကို တွေ့ရကြောင်း၊ ရင်ပြင်တော်ပတ်လမ်းများကိုလည်း စနစ်တကျဖြစ်အောင် ပြန်လည်ဆောင်ရွက်ရန်လိုပြီး ဘုရားဖူးလာပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် အဝေး/အနီးမှ ကြည်ညိုဖူးမြော်နိုင်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထိန်းသိမ်းမှု လုပ်ငန်းများကို ရေရှည်ဆောင်ရွက်နိုင်ရန် Master Plan များ ထားရှိရန်လိုပြီး အမြင်ကျယ်ကျယ်ဖြင့် စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊ ရှေးဟောင်းအမွေ အနှစ်များ ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ခုကောင်း၊ နှစ်ခုကောင်းဆောင်ရွက်၍ မရဘဲအားလုံးကို ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ရေဝင်ရေထွက်များ စနစ်များမှအစ စနစ်တကျဖြင့်တွက်ချက်၍ ပြုပြင်ဆောင်ရွက်သွားရန် ဖြည့်စွက်ပြောကြားခဲ့သည်။ ထူးမြတ်