Breaking

လက်နက်ကိုင်များ အပစ်အခတ်ရပ်စဲရေးကို ဘာကြောင့် မလုပ်ချင်ရတာလဲဟု မန်းအောင်ပြည်စိုး မေးခွန်းထုတ် 

နေပြည်တော်၊ မတ် ၆
    ပြည်သူလူထု၏ အနိဋ္ဌာရုံများကို မမြင်ချင်တော့၍ အမြန်ဆုံးငြိမ်းချမ်းစေချင်ကြောင်းနှင့် လက်နက်ကိုင်များက ဘာကြောင့် အပစ်အခတ်ရပ်စဲရေးကို မလုပ်ချင်ရတာလဲဟု ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောကြားလိုက်သည်။
    "တွေ့တဲ့လူတိုင်းက ငြိမ်းချမ်းချင် ပြီဆိုတဲ့အသံတွေ ကြားနေရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးကို လိုလားတယ်။ ပါတီတွေ၊ ပြည်သူတွေက ငြိမ်းချမ်းချင်တယ်။ လက်နက်ကိုင်ထားတဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေက အဲဒီအမြင် သဘောထားရှိသလား။ ရင်ဆိုင်တိုက် ခိုက်ကြမယ့် အစာစားပွဲပေါ်မှာ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရေးက အခြေတစ်ခုရ နိုင်မယ်။ ပစ်ကြခတ်ကြတာနဲ့ ငြိမ်းချမ်းရေးကို မရနိုင်ဘူးဆိုတာ သဘောပေါက်သင့်တယ်လို့ ပြောသင့်တယ်။ အခုကတော့ တိုက်ပွဲရှောင်တွေအပြင် ရေဘေးပါ တစ်ခါဖြစ်တယ်။ ကျွန်တော်တို့လည်း ဒီအနိဋ္ဌာရုံတွေကို မမြင်ချင်တော့ဘူး။ ဖြစ်နိုင်ရင်တော့ အစောဆုံးနဲ့ အမြန်ဆုံး ဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးပါ။ လက်နက်ကိုင်တွေကလည်း အပစ်အခတ်မရပ်စဲဘဲ ဘာကြောင့် အလုံးစုံပျက်သုဉ်းရေးကို လုပ်ချင်ရတာလဲ။ ဘာကို ရည်ရွယ်မျှော်မှန်းသလဲဆိုတာ မပြောတတ်တော့ဘူး။ ပြည်သူလူထု ငတ်နေ ပြတ်နေမှ အဆင်ပြေမှာလားဆိုတာ ပြောချင်တယ်"ဟု ၎င်းကပြောသည်။ 
    ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီအနေဖြင့် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ မဲဆွယ်စည်းရုံးခြင်းကိစ္စရပ်များကို ရေကြီးခြင်းနှင့် ကရင်ပြည်နယ်အတွင်း တိုက်ပွဲအခြေအနေများကြောင့် ထဲထဲဝင်ဝင်ပြုလုပ်၍ မရသေးသော်လည်း ဘားအံနှင့်လှိုင်းဘွဲတို့တွင် ရွေးကောက်ပွဲလုပ်၍ ရနိုင်ကြောင်း မန်းအောင်ပြည်စိုးက ထပ်မံပြောဆိုသည်။ 
    "ရေကြီးတာက တစ်ပိုင်း၊ ပစ်ကြခတ်ကြပြုကြတာက တစ်ပိုင်းရယ်နဲ့တော့ ရွေးကောက်ပွဲဝင်ဖို့ စည်းရုံးရေးလုပ်ငန်းတွေကတော့ မလုပ်နိုင်သေးဘူး။  အရင် ဦးနုတို့ လက်ထက်ကလည်း လုပ်လို့ရတဲ့နေရာတွေ လုပ်သွားတယ်။ တစ်ကြိမ်တည်းလည်း မဟုတ်ဘူး။ ခြောက်လတစ်ခါ ပြန်လုပ်၊ နောက်တစ် နှစ်တစ်ခါပြန်လုပ် အဲဒီလိုလည်း ရှိတယ်ဆိုတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အစီအစဉ်အတိုင်း လုပ်မယ်ဆိုရင်တော့ ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ ဒီဘက်က ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေကတော့ ဆန့်ကျင်နေမယ်၊ တိုက်ခိုက်နေမယ်ဆိုတဲ့ အပိုင်းကတော့ ရှိကောင်းရှိမှာပေါ့။ အဲဒီနှစ်ခုကြားထဲမှာ ကိုယ်တွေကတော့ ရပ်တည်ရှင်သန်ရမှာပေါ့။ ချင့်ချိန်နေရတာပေါ့ဗျာ။ ရွေးကောက်ပွဲ အခင်းအကျင်း က ကရင်ပြည်နယ်ဆိုရင် လှိုင်းဘွဲနဲ့ ဘားအံနှစ်ခုကတော့ တိုက်ပွဲတွေ မရှိဘူး။ လုပ်မယ်ဆိုရင် လုပ်နိုင်တဲ့ အနေအထားရှိတယ်။ ရွေးကောက်ပွဲ လုပ်လို့ရတယ် ဆိုတဲ့ နေရာတွေမှာလည်း လုံခြုံရေးကို အပြည့်အဝချထားပေးဖို့လိုမယ်။ အဲဒါမှပဲ တရားတမျှတဲ့၊ သင့်လျော်တဲ့ ရွေးကောက်ပွဲ တစ်ခု ဖြစ်လာနိုင်မယ်"ဟု ၎င်းကဆိုသည်။ 
    ၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ ရက်က ကျင်းပခဲ့သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (၂/၂၀၂၄) အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကို ဒေသအလိုက် လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး ကျင်းပနိုင်သည့် နယ်မြေများကို ဦးစွာကျင်းပပေးသွားမည်ဟု ပြောကြားထားသည်။ 
    ရွေးကောက်ပွဲ ပြုလုပ်ရာတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လတ်တလော လုံခြုံရေး အခြေအနေအရ ကျင်းပနိုင်ခြင်း မရှိသေးသည့် နယ်မြေများကိုလည်း လုံခြုံရေး ကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်ပြီး ဆက်လက် ကျင်းပနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
ကွန်းဈာန်

Total Views ~ 232

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43826

© 2022 - 2025 News. All Rights Reserved.