Breaking

လက်လီဆန်ဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးရန် လိုအပ်နေကြောင်း ဆန်စပါးအသင်း ချုပ် ထုတ်ပြန်

နေပြည်တော်၊ ဇူလိုင် ၉
    ဆန်စက်များ၊ ပွဲရုံများနှင့် ကုန်စည်ဒိုင်များပါဝင်သည့် လက်ကားဈေးကွက်တွင် သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချနေပြီ ဖြစ်သော်လည်း လက်လီဆန် ဆိုင်များတွင် သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချပေးရန် လိုအပ်နေသေးကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်သည်။ 
    လက်လီဆန်ဆိုင်များသည် ဆန်ဈေးကွက်တွင် အရေးပါပြီး စားသုံးသူများနှင့် ထိတွေ့မှု အများဆုံးဖြစ်၍ ဆန်ကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချပေးရန် တိုက်တွန်းထားသည်။ 
    သတ်မှတ်ရည်ညွှန်းဈေးနှုန်းများထက်ပို၍ ရောင်းချမှုများကို ထိရောက်စွာ အရေးယူဆောင်ရွက်မှုများ၊ အရေးကြီးကုန် စည်နှင့်ဝန်ဆောင်မှုများ ဥပဒေ၊ စားသုံး သူအကာအကွယ်ပေးရေး ဥပဒေတို့ဖြင့် တရားစွဲဆိုမှုများ ရှိသဖြင့် ဆန်ဈေးကွက် တည်ငြိမ်ကျဆင်းရေးအပေါ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။ 
    သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း စားသုံးသူများထံ ထောက်ပံ့ပေးစေလိုပါက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ လက်လီဆိုင်များအထိ အရောက်ပေးပို့မည် ဖြစ်ကြောင်း သိရသည်။ 
    မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အိမ်အရောက်ပို့ အစီအစဉ်တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၁၅၂၀၀၀ ၊ ဧရာပေါ်ဆန်း ကျပ် ၁၃၀၀၀၀ ဖြစ်သည်။ 
    ပြည်တွင်းစားသုံးမှုများသည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီ ပေါ်ဆန်းဈေးနှုန်း တည်ငြိမ်ရေးနှင့် စားသုံးသူများ နေအိမ်အ ရောက် ဖြန့်ဖြူးနိုင်ရေးအတွက် ဇူလိုင် ၁ ရက်မှ စတင်ခဲ့ပြီး နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များရှိ အိမ်ထောင်စု ၃၉၁ စုထံ အရောက်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

Total Views ~ 246

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43849

© 2022 - 2025 News. All Rights Reserved.