Breaking

လယ်ယာမြေကို ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ နေအိမ်နှင့် စက်ရုံအလုပ်ရုံ အခိုင်အမာ တည်ဆောက်နေသည့်အတွက် ကွင်းဆင်း အစီရင်ခံတင်ပြရန် တိုက်တွန်း

၂၀၂၄ ၊ မတ်လ ၂၀
    မကွေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေများကို ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ အခိုင်အမာ နေအိမ်ဆောက်လုပ်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ စက်ရုံအလုပ်ရုံများ ဆောက်လုပ်ခြင်းများ ပြုလုပ်နေကြသည့်အတွက် ထပ်မံမဖြစ်ပွားစေရေး ထိန်းချုပ်နိုင်ရန် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပြီး အစီရင်ခံ တင်ပြသွားရန် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ပြောသည်။
    'နိုင်ငံတော်က တရားဝင် ပြဋ္ဌာန်းထားတဲ့ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ လယ်ယာမြေ နည်းဥပဒေနဲ့ (၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်-၂)လယ်ယာမြေဥပဒေကို ပြင်ဆင်တဲ့ ဥပဒေတွေကို မျက်ကွယ်ပြုပြီး လယ်မြေနဲ့ လယ်မြေမှအပ လယ်ယာမြေများကို ဥပဒေနဲ့ အညီ ခွင့်ပြုချက်မရှိဘဲ မြို့မြေ၊ ရွာမြေလို အခိုင်အမာ နေအိမ်ဆောက်လုပ်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ စက်ရုံအလုပ်ရုံများ ဆောက်လုပ်ခြင်းများ ပြုလုပ်နေကြတဲ့အတွက် လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများနဲ့အညီ ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ဖို့နဲ့ နောင်ထပ်မံမဖြစ်ပွားဖို့အတွက် စံပြုလုပ်ထုံးလုပ်နည်းများနဲ့အညီ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပြီး အစီရင်ခံ တင်ပြသွားရမှာ ဖြစ်ပါတယ်။ 
    တည်ဆဲ လယ်ယာမြေဥပဒေမှာ စည်းကမ်းချက်အနေနဲ့ ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း လယ်ယာမြေကို လုပ်ကိုင်ရမည်၊ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်း မပြုရ}လို့ အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
    လယ်ယာမြေတွင် ခွင့်ပြုမိန့်မရရှိဘဲ ကျူးလွန်ဆောင်ရွက်မှု အခြေအနေကို စိစစ်ခွဲခြားရန်အတွက် မကွေးတိုင်းဒေသကြီး လုပ်ငန်းကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ၂၂-၂-၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၄/၂၀၂၄ပါ ညွှန်ကြားချက်များနှင့်အညီ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၇-၃-၂၀၂၄ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၅/၂၀၂၄ ဖြင့် ဖွဲ့စည်းတာဝန် ပေး အပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
    ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့များနှင့် မြို့နယ်စောင့်ကြည့် စိစစ်တင်ပြရေးအဖွဲ့များကိုလည်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၁၅-၃-၂၀၂၄ ရက်စွဲပါ စာများဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီးဖြစ် ကြောင်းသိရသည်။
    လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို မတ်လ ၁၈ ရက်က မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

Total Views ~ 178

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43964

© 2022 - 2025 News. All Rights Reserved.