ရန်ကုန်၊ ဇူလိုင် ၂၃
နေပြည်တော် လယ်ဝေးမြို့နယ် အတွင်းသို့ ရှော့ခ်တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်သူ ၁၅ ဦးကို စစ်ဆေးနေကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီသတင်း ထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်လိုက်သည်။
နေပြည်တော် လယ်ဝေးမြို့အတွင်းသို့ ရှော့ခ်တိုက်ဒုံးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိခဲ့ပြီး ပစ်ခတ်ရန်အသင့်တပ် ဆင်ထားသည့် ဒုံးပစ်စင်သုံးခုမှ ဒုံးသီးများ ကိုလည်း သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်အတွင်း ဇူလိုင်လ ၁၆ ရက် နံနက်ပိုင်းတွင် ပေါက်ကွဲသံများဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ် ကြံခင်းကျေးရွာနှင့် ကန်သာကျေးရွာအနီး၌ ရှော့ခ်တိုက်ဒုံးသုံးလုံး ကျရောက်ပေါက်ကွဲခဲ့သည့် နေရာအား တွေ့ရှိရပြီး လူနှင့်အဆောက်အအုံ ထိခိုက်ပျက်စီး မှုမရှိကြောင်း သိရှိရသည်။
အဆိုပါ ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေမှုများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ် အောင်စေတနာကျေးရွာအနီး၌ ရှော့ခ်တိုက်ဒုံးပစ်ခတ်ပြီး ပျက်စီးနေသည့် ဒုံးပစ်စင်လေးခုနှင့် ပစ်ခတ်ရန်အသင့် တပ်ဆင်ထားသည့် ဒုံးပစ်စင်သုံးခုတို့အား တွေ့ရှိခဲ့ရသဖြင့် ပစ်ခတ်ခြင်းမရှိသေးသည့် ဒုံးသီးများအား စနစ်တကျ သက်မဲ့ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရှော့ခ်တိုက်ဒုံး ပစ်ခတ်ခဲ့ သည့်နေရာနှင့် အနီးဝန်းကျင်တစ်ဝိုက်အား ပိတ်ဆို့စစ်ဆေး ရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ ရှော့ခ်တိုက်ဒုံးပစ်ခတ်ရာတွင် ပါဝင်သူအကြမ်း ဖက်သမားနှစ်ဦးဖြစ်သည့် လယ်ဝေးမြို့နယ် သာဝတ္တိ၊ သစ်ကြိမ်းအုပ်စု၊ ဟေမာန်ကျေးရွာနေ ပြည့်ဖြိုးအောင်(ခ)နောက်စေ့နှင့် သက်ခိုင်ထွန်း(ခ)ကိုသက်တို့အား ကနဦးဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးချက်များအရ ဖြစ်စဉ်နှင့် ဆက်စပ်သူ ၁၅ ဦးအား လိုအပ်သောစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိတရားခံများအား တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး လုပ်ထုံးလုပ် နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။