Breaking

လာအိုမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀၀ ဝယ်ယူရန် စီစဉ်လျက်ရှိ

၂၀၂၄ ၊ ဖေဖော်ဝါရီ ၂၁
    မြန်မာနိုင်ငံသည် အိမ်နီးချင်း လာအိုနိုင်ငံမှ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀၀ ဝယ်ယူရန် စီစဉ်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
    ဓာတ်အားဝယ်ယူရေးတွင် လာအိုစွမ်းအင်အစုအဖွဲ့ PISASIA Energy and Mine Investment နှင့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ Primus Sapphire စွမ်းအင်အုပ်စုမှ လုပ်ကိုင်ခွင့်ရရှိထားပြီး ဖေဖော်ဝါရီ ၁၆ ရက်တွင် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ံ. H.E. Mr. Saleumxay Kommasith အား လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကိုက လာအိုနိုင်ငံခြား ရေးဝန်ကြီးဌာနသို့ သွားရောက်ဂါရဝပြု တွေ့ဆုံစဉ်အတွင်း အထက်ပါ စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
    စီမံကိန်းစတင်ရန် အသိပေးခြင်း (Notice to Proceed – NTP) အရ ဆောင်ရွက်ခွင့်ရှိသော ကုမ္ပဏီသည် ဓာတ်အားဝယ် ယူရေးအတွက် ကနဦးစီမံကိန်းဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာကို စတင်ပြုစုရမည်ဖြစ်ကာ ထို့နောက်တွင် နှစ်နိုင်ငံဓာတ်အားစနစ် ပို့လွှတ်၊ လက်ခံနိုင်မှုအပေါ် မူတည်၍ မဂ္ဂါဝပ် ၁၀၀၀ အထိ ဓာတ်အားကုန်သွယ်မှုပြု နိုင်ရန် လျာထားကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ  ပြောသည်။
    မြန်မာနိုင်ငံ၏ နှစ်စဉ်ဓာတ်အား တိုးတက်သုံးစွဲမှုနှုန်းသည် ၁၃ ရာခိုင်နှုန်းခန့် ရှိပြီး လာအိုနိုင်ငံမှ ဓာတ်အားဝယ်ယူသုံးစွဲ ခြင်းဖြင့် ပြည်တွင်းလျှပ်စစ်ဓာတ်အားလိုအပ် ချက်အား တစ်စိတ်တစ်ပိုင်း ဖြေရှင်းနိုင်မည် ဟုဆိုသည်။
    စီမံကိန်း ကုန်ကျစရိတ်အနည်းဆုံး အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်ကုန် ကျမည်ဟု တွက်ချက်ထားပြီး လျှပ်စစ်ဓာတ် အားရရှိရေး အချိန်ခြောက်လမှ ငါးနှစ်အထိ ကြာမြင့်နိုင်ကာ အနည်းဆုံး အိမ်ခြေတစ်သန်းထက်မနည်းကို လျှပ်စစ်ဓာတ်အားပေး ဝေနိုင်မည်ဟု သိရသည်။
    မြန်မာနိုင်ငံသည် လာအိုနိုင်ငံနှင့် ယခုကဲ့သို့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအပြင် နှစ်နိုင်ငံဆက်ဆံရေးအား ပိုမိုတိုးတက် ခိုင်မာစေရေးအတွက်  ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ နယ်စပ်ကုန်သွယ်မှု တိုးမြှင့်ရေး၊ အလုပ်သမားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး၊ နယ်စပ်ဖြတ်ကျော် မှုခင်းများ တားဆီးနှိမ်နင်းရေး၊ ကာကွယ်ရေးကဏ္ဍနှင့် နှစ်နိုင်ငံပြည်သူများအကြား ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်နိုင်ရေးအပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်သွားရေးနှင့် အခြားအလားအလာရှိသည့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များကို ရှာဖွေဖော်ဆောင်သွား ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်း မြန်မာ သံအမတ်ကြီး ဦးအောင်ကိုနှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Total Views ~ 252

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43973

© 2022 - 2025 News. All Rights Reserved.