Breaking

လိုင်စင်မဲ့ကားများအား လိုင်စင်ထုတ်ပေး လိုက်မည်ဆိုပါက ၎င်းင်းတို့အား အခွင့်အရေး နှစ်ကြိမ်ခံစားခွင့် ပေးလိုက်သလိုဖြစ်သွား မည်ဟုဆို

ရန်ကုန်၊ မေ ၇ 
    မြန်မာနိုင်ငံအတွင်းရှိ လိုင်စင်မဲ့မော်တော်ယာဉ် (Without)များအား လိုင်စင်ထုတ်ပေးလိုက်မည်ဆိုပါက ၎င်းတို့အား အခွင့်အရေးနှစ်ကြိမ် ခံစားခွင့်ပေးလိုက်သလိုဖြစ်သွားမည်ဖြစ်ကြာင်း ဝါရင့်မော်တော် ယာဉ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုလိုက်သည်။ ၂၀၁၅ မော်ဒယ်အထက် လိုင်စင်မဲ့ကားများအား လိုင်စင်ထုတ်ပေးမည်ဆိုသော ကောလာဟလများထွက်ပေါ်နေမှုအပါ် ၎င်းင်းက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
    "ဒီသတင်းက အမြဲတမ်းပေါ်နေတယ်လေ။ အရင်ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်ကတည်းက အဲဒါကို စဉ်းစားခဲ့ဖူးတယ်။ အဓိကအကြောင်းအရာကတော့ လိုင်စင်မဲ့ကားစီးတယ်ဆိုတာက စီးနင်းနေတဲ့သူတွေ အကုန်လုံးက ဥပဒေကိုချိုးဖောက် ပြီးတော့ စီးနင်းနေတာပေါ့။ သူတို့က ဥပဒေကို လိုက်နာတဲ့သူထက် အခွင့်အရေးပိုရတယ်။ သူများတွေက ကားတစ်စီးကို သိန်းရာကျော်ပေးရတဲ့ အချိန်မှာ သူတို့က သိန်းဆယ်ဂဏန်းနဲ့ စီးနေတာပေါ့။ အဲဒီလို ဥပဒေချိုးဖောက်ပေးပြီး‌ အခွင့်အရေးယူနေတဲ့သူကို ထပ်ပြီးတော့ ဒီကားကို  လိုင်စင်လုပ်ခွင့်ပေးတယ်။ ပုံမှန်ကောက်နေတဲ့ အခွန်အခအ တိုင်းကောက်နေရင် ဘယ်သူကလာပြီးတော့ မှတ်ပုံတင်မှာတုန်း။ အခုမှတ်ပုံတင်ခွင့်ပေးမယ်ဆိုရင် သူတို့ကလည်း သက်သာမှလာလုပ်ကြမှာ။ အဲဒီတော့ လိုင်စင်မဲ့ လုပ်တုန်းကလည်း သက်သာတယ်။ လိုင်စင်လုပ်ခွင့် ပေးတော့လည်း သူက ထပ်ပြီးတော့ သက် သာခွင့်ရတယ်ဆိုရင် မဖြစ်သင့်ဘူးလို့ အရင် အစိုးရတွေ လက်ထက်ကလည်း စဉ်းစားခဲ့ ကြတာ။ ဒါကြောင့် ပေးဖို့မသင့်တော်ပါဘူး။ စည်း ကမ်းလိုက်နာတဲ့ သူတွေသာ နစ်နာတယ်။ စည်းကမ်းမလိုက်နာတဲ့သူတွေက နှစ်ကြိမ်ခံစားခွင့်ရတဲ့ သဘောမျိုး ဖြစ်တယ်‌ဆိုပြီးတော့ ဒီဟာကပေးလို့မရဘူးပေါ့။ အဲဒီလို သာပေးနေမယ်ဆိုရင် နောင်တစ်ချိန်မှာ စည်းကမ်းမလိုက်နာတဲ့သူတွေက အခွင့်အရေးတွေ ထပ်၊ ထပ်ရတယ်။ စည်းကမ်း လိုက်နာတဲ့သူတွေက သေရောပါ့။ အမှန်တော့ ကောလာဟလတွေ အများကြီးရှိခဲ့တာပေါ့။ နောက်ဆုံးကျတော့ မပေးပါဘူး"ဟု Autom-otive Association of Myanmar (AAM) အသင်းဒုဥက္ကဋ္ဌ ဦးအောင်ဝင်းက မှတ်ချက် ပြုခဲ့သည်။
    တရားမဝင်တင်သွင်းလာသည့် လိုင်စင်မဲ့ မော်တော်ယာဉ်များအား လိုင်စင်ထုတ်ပေးမည်ဆို သော ကောလာဟလ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကလည်း ထွက်ပေါ်ခဲ့သေးသည်။ သို့သော် ထိုသို့ကောလာဟလ မကြာခဏထွက်ပေါ်နေသော်လည်း လိုင်စင်မဲ့မော်တော်ယာဉ် (Without) များအား လိုင်စင်ထုတ်ပေးလိုက်မည်ဆိုသည့်ကိစ္စမှာ ဖြစ်နိုင်ခြေနည်းပါးနေကြောင်း မော်တော်ယာဉ် ရောင်းဝယ်လုပ်ကိုင်နေသူများက သုံးသပ်ထားသည်။
    "သူတို့က ဥပမာ သိန်း ၅၀၀နဲ့ ဝယ်နေရတဲ့ကားကို သိန်းလေး၊ ငါး၊ ရှစ်ဆယ်နဲ့ ဝယ်စီးနေတဲ့ သူတွေလေ။သူတို့ကို မှတ်ပုံတင်ခွင့် ပေးမယ်ဆိုရင်လည်း ပုံမှန်အတိုင်း ဈေးကြီးရင် လာမှာမဟုတ်ဘူး။ သက်သာမှလာမှာ။ သူတို့က နှစ်ခါသက်သာဆိုရင် တရားမျှတမှုမရှိဘူးလို့ အရင်ခေတ်ကတည်း က  စဉ်းစားခဲ့ကြတာ။ ဒါက မဖြစ်နိုင်ပါဘူး"  AAM အသင်းဒုဥက္ကဋ္ဌ ဦးအောင်ဝင်းက ဆက်ပြောသည်။
    ယခင်နယက(နိုင်ငံတော်အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) အစိုးရလက်ထက်က ၈၅ ရာခိုင်နှုန်း ဒဏ်ကြေးပေးဆောင်၍ တရားဝင်ယာဉ်အဖြစ် မှတ်ပုံတင်ပေးသည့်လုပ်ငန်း လုပ်ဆောင်ခဲ့မှု ရှိပြီး ယာဉ်အစီးရေ ၆၀၀၀ ကျော်ခန့်ရှိခဲ့ကြောင်း၊ သို့သော် ထိုစဉ်က အခြေအနေတစ် မျိုးဖြစ်ကြောင်း  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်က နေပြည်တော်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။ ထို့အပြင် တရားမဝင်တင် သွင်းလာသည့် မော်တော်ယာဉ်များကို လိုင်စင်ထုတ်ပေးမည်ဆိုပါက ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများ၊ နည်းဥပဒေများကို ဖောက်ဖျက်ကျော် လွန်ရာ ရောက်မည်ဖြစ်သလို နိုင်ငံတကာတွင် ကျင့်သုံးနေသည့် စနစ်များကိုလည်း ဆန့်ကျင်ရာရောက်ကြောင်း၊ အလားတူ တရားမဝင်တင်သွင်းမှုကိုလည်း အားပေးရာ ရောက်သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောကြားထားသည်။

Total Views ~ 202

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43928

© 2022 - 2025 News. All Rights Reserved.