ရန်ကုန် ၊ နိုဝင်ဘာ ၂၀
လူမှုစီးပွားမြှင့်တင်ရေးပါတီနှင့် ပြည်ထောင်စုလယ်သမား၊ အလုပ်သမားအင်အားစုပါတီတို့ကို နိုင်ငံရေးပါတီများအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန် ချက်များအရ သိရသည်။
နေပြည်တော် ဇေယျာသီရိခရိုင် ပုဗ္ဗသီရိမြို့နယ် (၂၈)လမ်း (မြောက်ဘက်)၊ အောင်သာယာရပ်ကွက်တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော လူမှုစီးပွားမြှင့်တင်ရေးပါတီကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၇/၂၀၂၄ )ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းပါတီ၏ မှတ်ပုံတင်အမှတ် (၅၄)ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး လိပ်ပြာကန်ရပ်ကွက် မှော်ကန်(၁)လမ်း လန်းဆန်းအိမ်ရာ အမှတ်(A/406) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ပြည်ထောင်စုလယ်သမား၊ အလုပ်သမားအင်အားစုပါတီကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၆/၂၀၂၄)က ထုတ် ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး ယင်းပါတီ၏ မှတ်ပုံတင်အမှတ် (၅၃) ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီများ၏အရေအတွက်မှာ နိုဝင်ဘာ ၁၈ ရက်အထိ ပါတီပေါင်း ၅၄ ပါတီရှိနေပြီ ဖြစ်သည်။ ညီသစ်