၂၀၂၃ ဧပြီ ၂၄
နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ ဧပြီ ၂၁ ရက် ည ၆ နာရီ ၂၀ မိနစ်ခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် တံတားဦးကျေးရွာနှင့် အောင်ကုန်းကျေးရွာတို့သို့ ဧပြီ ၂၂ ရက်(ယနေ့)နံနက်ပိုင်းက နစက ဥက္ကဋ္ဌမှ သွားရောက်ကြည့်ရှုစဥ် တာဝန်ရှိသူများအား မှာကြားခဲ့ခြင်းဖြစ်သည်။

လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့သည့် စာသင်ကျောင်းများကို လာမည့်ကျောင်းဖွင့်ချိန်အမီ ပြီးစီးအောင်ပြန်လည်တည်ဆောက်ရန်၊ ဘုန်းတော်ကြီးကျောင်းကိုလည်း ကောင်းမွန်အောင် ပြန်လည်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်များကိုလည်း အိမ်ရာကွက် စနစ်တကျပြန်လည်ဖော်ဆောင်၍ နေအိမ်များပြန်လည်တည်ဆောက် နေထိုင်နိုင်စေရန် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊နေပြည်တော် ကောင်စီနှင့်နေပြည်တော်တိုင်းစစ်ဌာနချုပ်တို့မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရန်လည်းပါဝင်သည်။

တာဝန်ရှိသူများအနေဖြင့် ကျေးရွာရှိ လေဘေးသင့်ပြည်သူများ၏ လတ်တလောစားရေးအဆင်ပြေစေရေးအတွက် လိုအပ်သည်များကို ကူညီထောက်ပံ့ဆောင်ရွက်ပေးရန်လည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။
နစက ဥက္ကဋ္ဌမှ အောင်မြင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်အောင်နှင့်လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားကာ ဖြစ်စဥ်ကြောင့်သေဆုံးခဲ့သည့် အောင်မြင်ကုန်းကျေးရွာနှင့်တံတားဦးကျေးရွာနေသူများအတွက် ထောက် ပံ့ငွေများပေးအပ်ပြီးနောက် ပျက်စီးသွားခဲ့သည့် အောင်မြင်ကုန်းကျေးရွာစာသင်ကျောင်း၊ဘုန်းတော်ကြီးကျောင်းနှင့်လူနေအိမ်များကို လိုက်လံကြည့်ရှုခဲ့သည်။
ထို့နောက် နေပြည်တော်ခုတင်(၁၀၀၀)ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် လေဘေးသင့်ပြည်သူ များကို အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
လယ်ဝေးမြို့နယ်အတွင်း လေဆင်နှာမောင်းတိုက် ခတ်မှုကြောင့် အောင်မြင်ကုန်းကျေးရွာရှိ နေအိမ် ၁၅၅ လုံး၊စာသင်ကျောင်း ၁ ကျောင်း၊ကျေးလက်ဆေးပေးခန်း ၁ လုံး၊ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့်တံတားဦးကျေးရွာရှိ နေအိမ် ၇၇ လုံး၊ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းတို့ ပျက်စီး ဆုံးရှုံးခဲ့ပြီး ဒေသခံ ၆ ဦးသေဆုံးကာ ၁၁၃ ဦးထိ ခိုက်ဒဏ်ရာများရရှိခဲ့သည်။
နယ်မြေခံလုံခြုံရေးအဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာဝန်ထမ်းများနှင့်စေတနာ့ဝန်ထမ်းများက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ဒဏ်ရာရသူများအား နီးစပ်ရာဆေးရုံများသို့ ဆေးကုသမှုခံနိုင်ရေး ပို့ဆောင်ပေးခြင်းများကိုဆောင်ရွက်ပေးခဲ့ကြသည်။