ရန်ကုန်၊ သြဂုတ် ၂၁
မြန်မာ-တရုတ်-ထိုင်း-လာအို လေးနိုင်ငံအကြား နယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် တရားမဝင် နယ်စပ်ကုန်သွယ်ရေး၊ မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုစသည့် တရားမဝင် လုပ်ငန်းများကို ပူးပေါင်းတိုက် ဖျက်ရေးတို့တွင် လေးနိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် ဆွေး နွေးခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၆ရက်တွင် ထိုင်းနိုင်ငံ၌ပြုလုပ်သည့် "တရုတ်-လာအို-မြန်မာ-ထိုင်းလေးနိုင်ငံ အလွတ်သဘောအစည်းအဝေး" သို့ ပါဝင်တက်ရောက်ခဲ့ရာ အထက်ပါအတိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် (၉)ကြိမ် မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက် ရောက်ခဲ့ပြီး ချင်းမိုင်မြို့တွင် ရောက်ရှိနေစဉ်အတွင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၅ ရက် ညနေပိုင်းတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆလုံဆိုင်းခွန်မဆစ်နှင့် သီးခြား တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် မြန်မာနှင့် လာအိုတို့အကြား အစဉ်အလာအရ ရှိရင်းစွဲချစ်ကြည် ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာ အားကောင်းလာစေရေး၊ လာအိုနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ် လုပ်ကိုင်ခွင့်နှင့် အလုပ်သမားရေးရာ ကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ မြှင့်တင်ဖော်ဆောင်နိုင်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေရေးအပါအဝင် နှစ်နိုင်ငံအပြန်အလှန် အကျိုးရှိစေမည့် ပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့်ရေးနှင့် အာဆီယံအပါအဝင်ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် နှစ်နိုင်ငံ ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အလွတ်သဘော အစည်းအဝေးသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၊ လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆလုံဆိုင်းခွန်မဆစ်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မစ္စစ် အက်စီရီ ပင်တာရုချီတို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြော ကြားခဲ့သည်။ မြန်မာ-တရုတ်-ထိုင်း-လာအို လေးနိုင်ငံအကြား နယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် တရားမဝင် နယ်စပ်ကုန်သွယ်ရေး၊ မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ အွန်လိုင်းလိမ် လည်မှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုစသည့် တရားမဝင်လုပ်ငန်းများကို ပူးပေါင်းတိုက် ဖျက်ရေးတို့တွင် လေးနိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် အမြင်ချင်း ဖလှယ်ကတိပြုခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ ကိစ္စနှင့်ပတ်သက်၍ အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများ ပံ့ပိုးဆောင်ရွက်သွားနိုင်မည့် အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ်နှင့် အာဆီယံ၏ တူညီဆန္ဒငါးချက်တို့ အပြန်အလှန် လိုက်လျောညီစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည့် အလားအလာများကို လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထူးမြတ်