Breaking

လျော့နည်းနေသော လျှပ်စစ်ဓာတ်အားများ အမြန်ဆုံးပြန်လည်ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေသလို လျှပ်စစ်စီမံကိန်းသစ်များလည်း ကြိုးပမ်းဖော်ဆောင်နေ

ရန်ကုန်၊ မေ ၇
    လျော့နည်းလျက်ရှိသော လျှပ်စစ်ဓာတ်အားများ အမြန်ဆုံးပြန်လည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ ကြိုးပမ်းဆောင်ရွက်နေသလို လျှပ်စစ်စီမံကိန်းသစ်များကိုလည်း ကြိုးပမ်း ဖော်ဆောင်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
    ဓာတ်အား ထုတ်လုပ်နိုင်မှုအပေါ် အချိုးကျအရ အချိန်အပိုင်းအခြားအလိုက် ခွဲဝေဖြန့်ဖြူးထားသော်လည်း ရုတ်တရက် မြင့်မားလာသည့် သုံးစွဲမှုအရ တစ်ခါတစ်ရံ သတ်မှတ်ကြိမ်နှုန်း (Frequency) အောက် ရောက်ရှိပါက ဓာတ်အားစနစ်အတွင်းရှိ ထရန်စဖော်မာများ၊ ဓာတ်အားထုတ်လုပ်သည့် စက်များအား ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ဗဟိုဓာတ်အားကွပ်ကဲရေးဌာန (National Control Centre)မှ အရေးပေါ် ဝန်အားလျှော့ချရန်အတွက် ဓာတ်အားဖြတ်တောက်ရခြင်းများကို ပြုလုပ်ရကာ  ပုံမှန်ခွဲတမ်းအရရရှိမည့် ဓာတ်အားရရှိချိန်အတွင်း တိုက်ဆိုင်စွာ ဖြတ်တောက်ခဲ့ရပါက ပြတ်တောက်ချိန်မှာ ပိုမိုရှည်ကြာခြင်းများ ဖြစ်ပေါ်ရလျက်ရှိနေကြောင်း၊ ထို့ကဲ့သို့ Fre-quency Load Shed ဆောင်ရွက်ရမှုများကြောင့် ပြတ်တောက်ချိန် ပိုမိုရှည်ကြာမှုများကို လျှော့ချနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့မှ စောင့်ကြည့်ကြီးကြပ်သည့် အဖွဲ့များဖွဲ့စည်း၍ စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းင်းအပြင် သတင်းမီဒီယာများတွင် ဖြစ်ပေါ်လာသည့် အကြောင်းအရာများကို အခြေခံ၍ တာဝန်ရှိသူများမှ အချိန်နှင့်တစ်ပြေးညီ ကွင်းဆင်း သွားရောက် စိစစ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး လျော့နည်းလျက်ရှိသော လျှပ်စစ်ဓာတ် အားများ အမြန်ဆုံးပြန်လည်ဖြည့်ဆည်းပေး နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသလို စီမံကိန်းသစ်များကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားခြင်း ဖြစ် သည်။
    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အားပေး စက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ ၇၁၈၄ ဒသမ ၄၆ မဂ္ဂါဝပ်ရှိပြီး ရေအားလျှပ်စစ်စက်ရုံ ၂၉ ရုံ၏ တပ်ဆင်စက်အင်အား ၃၂၂၈ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့သုံးစက် ရုံ ၂၇ ရုံ၏ တပ်ဆင်စက်အင်အား ၃၆၃၈ ဒသမ ၃၆၄ မဂ္ဂါဝပ်၊ ကျောက်မီးသွေးသုံးစက် ရုံနှစ်ရုံ၏ တပ်ဆင်စက်
 အင်အား ၁၃၈  မဂ္ဂါဝပ်နှင့် နေရောင်ခြည်သုံးစွမ်းအင်စက်ရုံ ခြောက်ရုံ၏ တပ်ဆင်စက်အင်အား မဂ္ဂါဝပ် ၁၈၀ တို့ရှိပြီး စုစုပေါင်းဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်နိုင်သည့် စက်များ၏ စက်တပ်ဆင်အင်အားမှာ ၇၁၈၄ ဒသမ ၄၆ မဂ္ဂါဝပ်အထိရှိကြောင်း ထုတ်ပြန်ထား သည်။
    နိုင်ငံတော်၏ လိုအပ်ချက်မှာ နှစ်စဉ် ၉ ရာခိုင်နှုန်း တိုးတက်သုံးစွဲလျက်ရှိသဖြင့် စုစုပေါင်း ၅၄၄၃ မဂ္ဂါဝပ်လိုအပ်ကြောင်း၊ ထိုသို့ရှိသော်လည်း တပ်ဆင်အင်အားအတိုင်း စက်များ အားစွမ်းအားပြည့် မောင်းနှင်နိုင်ပါက လုံလောက်မှုရှိကြောင်း၊ သို့ရာတွင် လက် ရှိကာလ၌ ရွှေကျင် ၇၅ မဂ္ဂါဝပ်၊ ဘီလူး ချောင်း(၁)၊ (၂)၊ (၃)တို့မှ ၂၄၈ မဂ္ဂါဝပ်နှင့် သဖန်းဆိပ် မဂ္ဂါဝပ် ၃၀ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများမှ ထွက်ရှိသည့် ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ကေဗွီ ၂၃၀ ၊ ၁၃၂ ကေဗွီဓာတ်အား လိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အား ၃၅၃ မဂ္ဂါဝပ် အသားတင်လျော့နည်း ထုတ်လုပ်ရကြောင်း ထုတ်ပြန်ထား သည်။
    ထို့အတူ လက်ရှိ ဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံး စက်ရုံများရှိ သဘာဝဓာတ်ငွေ့ အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအချိုးမှာ ရာခိုင်နှုန်း ၅၀ ခန့်ရှိသော်လည်း သဘာဝဓာတ်ငွေ့ ရရှိနိုင်မှုမှာ လျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှုမှာလည်း ယခုကာလအတွင်း ၄၄၆ မဂ္ဂါ ဝပ်ခန့် လျော့နည်း လျက်ရှိနေ၍ စုစုပေါင်း စက်များ၏ တပ်ဆင်အားများမှ ရေအားနှင့် သဘာ၀ဓာတ်ငွေ့သုံး စက်ရုံများ၏ ထုတ်လုပ်မှုတွင် ၃၅၃+၄၄၆=၇၉၉ မဂ္ဂါဝပ်ခန့်မှာ အသားတင်လျော့နည်း ထုတ်လုပ်ရနေကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ 
    ထိုသို့ ထုတ်လုပ်မှု လျော့နည်းရရှိမှုကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျန်ရှိသော စက်တပ်ဆင်အင်အား ၆၃၈၅ ဒသမ ၄၆ မဂ္ဂါဝပ်မှ ထုတ်လုပ်၊ ဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်ခဲ့ရကြောင်း၊ သို့ရာတွင် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ထွက်ရှိသည့် ဓာတ်အားကို ပို့လွှတ်နိုင်ရန်စီမံ ရာတွင် ၂၀၂၃ ခုနှစ် မုတ်သုံရာသီတွင် ၂၀၂၂ ခုနှစ်ထက် ပုံမှန်မိုးရွာသွန်းနိုင်မှု အောက်တွင် ဆက်လက်ရှိနေ၍ ဆည်များတွင် ရေပြည့်ဝစွာမရရှိသဖြင့် မိုးမကျမီကာ လအတွင်းအထိ  ဓာတ်အားပြတ်တောက်မှု ဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအ တွက် ယခင်နိုဝင်ဘာလမှ ဇွန်လအထိ သိုလှောင်စုဆောင်းထားရှိသည့် ရေများအား မိုးလွန်ကာလများ၌ ဓာတ်အားစနစ်အတွင်း တစ်နိုင်ငံလုံးအား ဓာတ်အား စဉ်ဆက်မပြတ် တည်ငြိမ်စွာ ရရှိစေရန်နှင့် အနိမ့်ဆုံးစက်မောင်း နှင်နိုင်သည့် ရေပမဏအမြင့်ထိ ကျန်ရှိနေစေရေးအတွက် ချိန်ညှိ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရခြင်း၊ သဘာဝဓာတ်ငွေ့ရရှိမှုတို့ အားထိန်းညှိ၍ လုံလောက်စွာ မရရှိ သဖြင့် တပ်ဆင်ထားသော စက်များ၏ စက်စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိခြင်း စသည်တို့ ကြောင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ မဂ္ဂါဝပ် ၂၈၀၀ ခန့် ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်လျက်ရှိကြောင်း လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ခဲ့သည်။

Total Views ~ 180

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43928

© 2022 - 2025 News. All Rights Reserved.