ရန်ကုန်၊ ဇူလိုင် ၉
အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေးသာမက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ရမည့် ရွေးကောက်ပွဲအကြိုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားလိုက်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှု စနစ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (စတုတ္ထအကြိမ်)ကို ဇူလိုင် ၇ က တည်းခိုရေးစခန်း (ရွာတော်)ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပခဲ့ရာ UEC ဥက္ကဋ္ဌက ယင်းသို့ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် ရွေး ကောက်ပွဲလုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်နှင့် မဲရုံဆိုင် ရာလုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်နှံ့စပ်နေေအာင် ကြိုတင်လေ့လာထားကြရန်၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ရန်ရှိသည်များကို ယခုထက် အရှိန်အဟုန်မြှင့်ပြီး အသင့်ဖြစ်အောင် ဆောင်ရွက်ထားကြရန် တိုက်တွန်းမှာကြားခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်ရုံးမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရပြီး အလုပ်ရုံဆွေးနွေးပွဲကို ဇူ လိုင် ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့ သည့် မဲစာရင်းမှားယွင်းမှုများကို စစ်ဆေးဆောင်ရွက်ပြီးချိန်မှစ၍ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးကို တစိုက်မတ်မတ်ဆောင် ရွက်ခဲ့ကြောင်း၊ အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်စွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး မဲဆန္ဒရှင်စာရင်းများ၊ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပခဲ့ရာ ယခု ဆိုလျှင် လေးကြိမ်အထိ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ဝန်ထမ်း ၄၃၁ ဦးနှင့် အွန်လိုင်းဖြင့် တက်ရောက်သူ ၃၀၃ ဦး စုစုပေါင်း ဝန်ထမ်း ၇၃၄ ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း၊ ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများ ကို ကျင်းပဆောင်ရွက်ခြင်းသည် မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ်၏ အားနည်းချက်များ၊ အခက်အခဲများကို ဆွေးနွေးအဖြေရှာပြီး မဲစာရင်းများ ပြုစုရာတွင် လျင်မြန်စွာဆောင် ရွက်နိုင်ရန်နှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရန်ဖြစ်ကြောင်း ထည့် သွင်းပြောကြားခဲ့သည်။