၂၀၂၄ ဇန်နဝါရီ ၁၀
မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်ထိ ရက် ပေါင်း ၈၀ ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး ယခုနှစ်သည် မြန်မာလ ဝါထပ်သည့်နှစ် ဖြစ်သည့်အတွက် ပွဲတော် ရက်ကာလကို ၆၄ ရက်သာ ကျင်းပမည်ဖြစ် ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
မကွေးတိုင်းဒေသကြီး မင်းဘူး ခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်(တပို့တွဲလဆန်း ၅ ရက်)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက်နေပြီး မန်းရွှေ စက်တော်ဘုရားသွားရာ သုံးမိုင်အဝင်လမ်း၌ Landscape အလှပန်းခြံ၊ ပန်းအိုးနှင့် ပန်းအလှပင်များ စိုက်ပျိုးရန် ဆောင် ရွက်ခြင်း၊ မြေထိန်း နံရံတည်ဆောက်ခြင်း၊ သုံးမိုင်လမ်းတစ်လျှောက် (Flower Box)ပန်း အလှပင်များ စိုက်ပျိုးခြင်း၊ ဘုရားဖူးများ သွားလာရေးအဆင်ပြေစေရန် (Box Culvert) တံတားငယ်နှစ်စင်း တည်ဆောက် ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဘုရားပွဲတော်ကျင်းပမည့် ပွဲတော်ကွင်းတွင် မန်းချောင်းအတွင်း ရေလမ်းကြောင်းလွှဲခြင်း၊ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်နိုင်ရေး မြေ နေရာရှင်းလင်းခြင်း၊ အထက်စက်တော်ရာ ခြေလျင်အတက် စောင်းတန်းရှေ့၌ မန်းချောင်းရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နဂါးအိုင်ပြုပြင်ခြင်း၊ အောက်စက်တော်ရာ ဘုံခုနစ်ဆင့်ရှိမျက်ပါး ရွှေဆိုင်းများကို ရွှေဆေးအသစ်ဖြင့် ပြန်လည် ကပ်လှူပူဇော်နိုင်ရန်နှင့် ဘေလီသံပေါင် တံတားတပ်ဆင်ရန် ဆောင်ရွက်ခြင်း၊ လင်း နို့တောင် စတီးပန်းဆွဲများကို မြန်မာမှုရှေးမူ လက်ရာမပျက် ပြုပြင်ခြင်း၊ အောက်စက် တော်ရာနှင့် အထက်စက်တော်ရာ အမိုး၊ မျက်နှာကြက် အလှဆင်ခြင်းနှင့် ဘုံအဆင့် တိုင်လုံးများ ဆေးသုတ်ပြုပြင်ခြင်း၊ ကိုးခန်း ကြီးမှ အထက်စက်တော်ရာ အတက်လမ်း စောင်းတန်းငါးသွယ်ပြုပြင်ခြင်း၊ ကိုးခန်း ကြီးနှင့် ဓာတ်လှေကားကြား၌ ကျောက်ကြီး စီ၍ မြေထိန်းနံရံများ တည်ဆောက်ပြုပြင် ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ယခုနှစ် ဘုရားပွဲတော်ကာလ အတွင်း တည်းခိုဆောင်အလုံးပေါင်း ၈၀၀ ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း ၄၀၀ ခန့်ကို ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ဘုရားဖူးများအား ညအိပ်တည်းခို ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။