ရန်ကုန်၊ ဧပြီလ ၂၃
သင်္ကြန်ကာလ ကမ်းခြေဒေသများတွင် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများပြည့်နေ၍ ရပ်ကွက်လမ်းကြိုလမ်းကြားမ ကျန်ခရီးသွားများ ဝင်ရောက်တည်းခိုခဲ့ကြောင်း ငွေဆောင်ကမ်းခြေ 'ရခိုင်သူဒေသ ချက်လက်ရာချက်ပို့လုပ်ငန်း'မှ တာဝန်ရှိသူက ပြောသည်။
"အခန်းတွေ အကုန်ပြည့်တယ်။ ပြည့်တာမှ လမ်းကြိုလမ်းကြား၊ အိမ်ကောင်းသာမကျန် ပြည့်တာ။ ပြောရရင် အိမ်ကောင်း ကောင်းမရှိဘူး။ အခန်းလေးတစ်ခန်း ပိုနေရင်တောင် ပြည့်တယ်။ အကုန် ဟိုတယ်တွေမှာ ပြည့်သွားတော့။ ရပ်ကွက်တွေ၊ အိမ်တွေမှာလည်း အကုန်ပြည့်သွားတယ်။ ဘုန်းကြီး ကျောင်းတွေရော၊ စာသင်ကျောင်းတွေရော အကုန်ပြည့်တာ။ ခရီးသွားတွေ အများကြီး ဝင်တော့ ကျွန်မတို့ ဒေသလုပ်ငန်းလေးတွေလည်း အားလုံးအဆင်ပြေတယ်။ သင်္ကြန်ကာလကျတော့ အားလုံးက ချိတ်ဆက်ပြီးသား။ ကျွန်မတို့က အော်ဒါတိုင်းကို လက်မခံဘူး။ ရောင်းတဲ့ပစ္စည်းကို ကောင်းကောင်းလေး ရောင်းပေးတယ်။ ဧည့်သည်အကြိုက်ကို ဦးစားပေးရောင်းတာ။ ပင်လယ်စာကို စက်လှေတွေနဲ့ချိတ်ပြီး လုပ်တာ။ မိုးတွင်း လည်းဖွင့်တဲ့ ဟိုတယ်တွေရှိတယ်။ မိုးတွင်း ပိုင်းလည်း သူငယ်ချင်းတွေ၊ မိသားစုတွေ အုပ်စုလိုက် လာကြပါတယ်။ ခရီးသွားတော့ နည်းတာပေါ့}}ဟု ၎င်းင်းကပြောသည်။
လတ်တလော အခြေအနေအရ သင်္ကြန်ကာလ ရုံးပိတ်ရက်များ ကုန်လွန်ခဲ့ပြီ ဖြစ်သော်လည်း အပူရှောင်ရန် ကမ်းခြေဒေသများသို့ ခရီးသွားများ ဆက်လက်သွားလာ နေကြကြောင်း လင်းထိုက်အောင် ခရီးသွားလုပ်ငန်းမှ ပြောသည်။
"သင်္ကြန်ကာလကတော့ ကမ်းခြေတွေကိုသွားတာ တော်တော်များတယ်။ ဟိုတယ်အခန်းမရ တာတွေလည်းရှိတယ်။ သွားတဲ့လူ တော်တော်များတယ်။ အခုလောလောဆယ်လည်း သွားတာက သွားနေကြတုန်း ပါပဲ။ ကျွန်တော်တို့က ကားလက်မှတ်သီး သန့်ရော၊ Packge နဲ့ရော ရောင်းပေးတာပါ။ သင်္ကြန်တွင်းကတော့ ဟိုတယ်ကနေ အခန်းတွေ အများကြီးမရဘူး။
သင်္ကြန်တွင်းက Packge နဲ့ ရောင်းတာနည်းတယ်။ ခရီးသွားတွေအနေနဲ့က စရိတ်ငြိမ်း Packge နဲ့သွားတာ ပိုပြီးအဆင်ပြေပါတယ်။ မိုးတွင်းကာလကတော့ ခရီးသွားပါးမယ်။ ခရီးသွားနည်းမယ်။ ပုံမှန် နှစ်တိုင်း မိုးတွင်းကတော့ ခရီးသွားနည်းပါတယ်။ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ပိုပြီးတိုးတက်ဖို့ဆိုရင် လမ်းပန်းဆက်သွယ်ရေး ပိုကောင်းစေချင်ပါတယ်။ အခုလောလောဆယ် ချောင်းသာ၊ ငွေဆောင် လမ်းလေးတွေက နည်းနည်းကျဉ်းတယ်"ဟု ၎င်းင်းကပြော သည်။
လာမယ့် မိုးရာသီတွင် ခရီးသွား လုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းများအနေဖြင့် ပရိုမိုးရှင်းပြုလုပ်၍ ဖိတ်ခေါ်ပါက နိုင်ငံခြား ခရီးသွားဧည့်သည်များ ဝင်ရောက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
"ပြည်ပ ခရီးသွားဧည့်သည်က သင်္ကြန်ကာလ ပြီးသွားရင်လည်း ခရီးသွားရာသီက ကုန်ပြီဆိုတော့ တဖြည်းဖြည်းနဲ့တော့ နည်းရာကနေ မိုးတွင်းကာလမှာတော့ ၇လပိုင်း၊ ၈လပိုင်းလောက်ဆိုရင် လူငယ် ခရီးသွားတွေ လာကြတာများပါတယ်။ အနောက်တိုင်း နိုင်ငံတွေမှာ ကျောင်းတွေပိတ်တာမျိုးရှိတာကိုး။ ကျောင်းပိတ်ရာသီဖြစ်တဲ့အတွက် လူငယ်တွေက တော်တော်များများ ခရီးထွက်တယ်။ ကျောပိုးအိတ်တစ်လုံး လွယ်ပြီးတော့ ကမ္ဘာအနှံ့သွားကြတဲ့သူတွေ ရှိတယ်။ အဲဒီလိုဟာမျိုးမှာ မြန်မာနိုင်ငံကို ဝင်ရောက် လည်ပတ်တာမျိုး တွေ့ရတတ်ပါ တယ်။ ပုံမှန်အားဖြင့် စက်တင်ဘာအကုန် အောက်တိုဘာလကြမှပဲ ပြည်ပခရီးသွားတွေက ပြန်လာကြတာ ဖြစ်ပါတယ်။ မိုးရာသီမှာ အထူး ပရိုမိုးရှင်းတွေလုပ်ပြီး ကြေညာမယ်ဆိုရင်တော့ လာနိုင်စရာအကြောင်းရှိပေမယ့် ပုံမှန်အတိုင်း ဒီအတိုင်းသွားမယ်ဆိုရင်တော့ ခရီးသွားတွေ နည်းသွားပါလိမ့် မယ်"ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ခရီးသွားရာသီတွင် ခရီးသွားဦးရေ မြင့်တက်ခဲ့ပြီး ပြည်ပခရီးသွား ဧည့်သည် ဝင်ရောက်မှုအနေဖြင့် နယ်စပ်ဒေသနှင့် လေဆိပ်မှ ခရီးသည် တစ်သန်းကျော် ဝင်ရောက်ကြောင်း သိရသည်။ ယခုနှစ် ၂၀၂၄ ခုနှစ်တွင်လည်း ပြီးခဲ့တဲ့နှစ် ခရီးသွားရာသီ ခရီးသွားဝင်ရောက်မှု ကို မီရုံမျှပင် ရှိနိုင်ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရှိ ငွေဆောင်နှင့် ချောင်းသာကမ်းခြေ ဒေသများတွင် ၂၀၂၃ ခုနှစ် ၁၂ လတာ ကာလအတွင်း ပြည်တွင်းပြည်ပခရီးသွားဦးရေ စုစုပေါင်း ၁၆ သိန်းကျော် ဝင်ရောက်ခဲ့ ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန အချက်အလက်များအရ သိရသည်။