သန်းခေါင်စာရင်း မကောက်ယူနိုင်သည့်နေရာဒေသများ ဖွံ့ဖြိုးရေး နောက်ကျကျန်ခဲ့မည်၊ အကြမ်းဖက်သူများ ရွေးကောက်ပွဲမဖြစ်အောင်လည်း မည်သို့မျှ တားဆီး၍မရ

နေပြည်တော်၊ အောက်တိုဘာ ၉
    လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် တချို့သောနေရာဒေသများ၌ ဟန့်တားနှောင့် ယှက်ခြင်းများရှိနေပြီး လူဦးရေစာရင်းကို တိကျစွာ မကောက်ယူနိုင်ပါက တိုင်းပြည်ပြန်လည် တည်ဆောက်ရာတွင် ဒေသဖွံ့ဖြိုးရေးအတွက်များစွာ နောက်ကျနေမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုး သားအဖွဲ့ ချုုပ်ပါတီ (PNO) အတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းက ပြောသည်။ 
    "သန်းခေါင်စာရင်း သဘောတရားကတော့ ကောက်ယူလို့မရသေးတဲ့ နေရာတွေကို ချန်ထားလိမ့်မယ်။ ကျွန်တော်တို့ ဒေသမှာတော့ သန်းခေါင်စာရင်းကောက်ယူတဲ့နေရာမှာ ပြဿနာမရှိဘူး။ အေးအေးဆေးဆေး သွားသွားလာလာပါပဲ။ ကျွန်တော်တို့ ဧရိယာအပြင်ဘက်မှာတော့ မပြောတတ်ဘူး။ မီဒီယာတွေမှာ ဖော်ပြနေတာက ခြိမ်းခြောက်တာတွေလည်း ရှိနေတယ်။ သန်းခေါင်စာရင်း ကောက်တယ်ဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့ လူဦးရေစာရင်းကို အဓိကယူတာ။ လူဦးရေစာရင်းကို ကြည့်ပြီးတော့မှ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် Data ကောက်တဲ့သဘော။ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် ကောက်တာ။ အိမ်ထောင်စုနဲ့လည်း မဆိုင်ဘူး။ ဥပမာ တောင်ကြီးမြို့ဆိုရင် လူဦးရေတွေတိုးလာတယ်။ အဲဒီတော့ တိုင်းပြည်ကို ဦးဆောင်တဲ့လူတွေက ပြန်ပြီးထည့်သွင်း စဉ်းစားလို့ရတယ်။ အဓိက သန်းခေါင်စာရင်းဆိုတာ တခြားကိစ္စမဟုတ်ဘူး။ ရှိတဲ့လူဦးရေနဲ့ တွက်ဆ ပြီးတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်တာဖြစ်တဲ့အတွက် အရှိကိုအရှိအတိုင်းအားလုံးက စာရင်းကောက်ယူနိုင်ဖို့တော့ အရေးကြီးတယ်။ မကောက်နိုင်ရင်တော့ လူဦးရေ စာရင်းမရှိဘူးဆိုရင် အဲဒီဒေသအတွက်က တိုင်းပြည်ပြန်လည်ထူ ထောင်ရေးလုပ်တဲ့အခါကျရင် အများကြီးနစ်နာသွားမယ်။ နစကအစိုးရအနေနဲ့ သန်းခေါင်စာရင်းကို ကောက်တယ်။ နောက်နှစ်တွေကြာရင် အစိုးရတစ်ရပ် ပြောင်းလဲသွားရင် အစိုးရသစ်တစ်ရပ်က နောက် ၁၀ နှစ် ကြာမှ သန်းခေါင်စာရင်း ကောက်မယ်လေ။ ၁၀ နှစ်ကြာတဲ့အခါမှာ လူဦးရေ စာရင်းမရှိတဲ့နေရာ ဒေသအတွက်က ဖွံ့ဖြိုးရေးအပိုင်းမှာ အများကြီး ထိခိုက်နိုင်တယ်။ အများကြီး နောက်ကျကျန်နေခဲ့မယ်။ လူတိုင်းက သန်းခေါင်စာရင်းကို ပေးသင့်တယ်။ နစကအနေ နဲ့ကလည်း တစ်ချိန်မှာ အစိုးရသစ်တစ်ရပ်ကို တိုင်းပြည်တာဝန်လွှဲပေးမှာပဲ။ နောင်လာမယ့် အစိုးရအတွက်လည်း အများကြီး အထောက်အကူဖြစ်စေမှာပါ"ဟု ၎င်းကပြောသည်။
    အလားတူ သန်းခေါင်စာရင်း ကောက်ယူမှုအပေါ် နားလည်မှုလွဲမှားနေကြ သည်များလည်းရှိပြီး ရွေးကောက်ပွဲတစ်ခုကိုသာ ဦးတည်ခြင်းမဟုတ်ကြောင်း လိုအပ်ချက်ရှိနေသည့်နေရာများကို ဖြည့်တင်းဆောင်ရွက်ပေးနိုင်ရန် ကောက်ယူခြင်းဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ၊ စီးပွားရေးလုပ်ငန်းရှင် ဦးရန်လင်းကျော်က ပြောသည်။ 
    "ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်တာက အောက်တိုဘာ ၃၀ ရက် မှာ နောက်ဆုံးထားမယ်။ အဲဒီနောက်ပိုင်း ဖြစ်ရမှာက ရွေးကောက်ပွဲကိုး။ အဲဒီအဆင့်အထိ တက်လာမှာကို စိုးရိမ်တဲ့သူကတော့ ဒါကိုတားကြမှာပဲ။ ဒါပေမဲ့ တားဆီးလို့လည်းရမှာမဟုတ်ဘူး။ ရအောင်သွားမယ့် အနေ အထားရှိနေတာကိုး။ ရအောင်သွားမှ အဖြေတစ်ခုပေါ်မှာ။ ရွေးကောက်ပွဲ မဖြစ်အောင်တားတော့ရော ဘာလုပ်လို့ရမှာလဲ။ ဘယ်သူတွေ နစ်နာမှာလဲ။ အဓိက သန်းခေါင်စာရင်း တိတိကျကျမရရင် Data လျော့မှာပေါ့။ ဒါက အခြေခံအချက်အလက်ပဲ။ စာရင်းတွေ လိုက်ကောက်တယ်ဆိုတာ လိုတဲ့နေရာ ဖြည့်ဖို့ကောက်တာ။ လျှပ်စစ်မီး သုံးစွဲမှုကအစ လူဦးရေအချိုးနဲ့ Policymakers တွေက အကောင်အထည်ဖော်ပေးရမှာ။ ဒီကိစ္စက ရွေးကောက်ပွဲ တစ်ခုတည်းအပေါ်မှာ သက်ရောက်မှုရှိတာမဟုတ်ဘူးဆိုတာ ပြည်သူတွေနားလည်အောင် ပြောပေးရမယ်။ အဲဒါကို အခွင့်ကောင်း ယူပြီးတော့ ဒါကြောင့် ဒီလိုဖြစ်ပါတယ်ဆိုတာက တပ်ချင်တဲ့ခေါင်းစဉ်ကို တပ်ကြတာ။ တချို့ကထင်တယ်။ သက်လုံကောင်းလားမေးတယ်။ ငါတို့ကို စစ်ထဲဝင်ခိုင်းမလို့လားဆိုပြီး ဘေးကဝင်လာတဲ့ ပြောစကားတွေ ဆိုးကျိုးတွေရှိတယ်။ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင်က ဒီဟာကို ရေရေလည်လည် မရှင်းပြနိုင်ဘူးဖြစ်နေတယ်။ အခု SMS တွေ ပေါနေတာပဲ။ ဖုန်းအလုံးရေ ငါးသိန်းလား။ ပို့လိုက်လို့ရတယ်။ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးပါ။ ဒါကဘာကြောင့် ကောက်တယ်ဆိုတာ ပို့လိုက်လို့ရတယ်"ဟု ၎င်းကပြောသည်။ 
    သန်းခေါင်စာရင်း စတင်ကောက်ယူသည့် အောက်တိုဘာ ၁ ရက်မှ ၄ ရက်အတွင်း စာရင်းကောက်ယူသည့် အဖွဲ့များ တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များနှင့် စာရင်းကောက်ရာတွင် ပါဝင်သူအချို့လည်း ဖမ်းဆီးခံရသည့်အပြင် အသတ်ခံရသည်များလည်းရှိကြောင်း ပြည်တွင်းသတင်းမီဒီယာ များတွင် ဖော်ပြထားသည်။ 
    အောက်တိုဘာလ ၄ ရက်က ပဲခူးအနောက်ခြမ်းရှိ ရွှေတောင်မြို့နယ်၊ တနင်္သာရီတိုင်း ပုလောမြိုနယ်တွင် သန်းခေါင်စာရင်းကောက်သည့် အဖွဲ့များ တိုက်ခိုက်ခံရကြောင်း သိရသည်။
    ရွှေတောင်မြို့နယ် ဖြစ်စဉ်တွင်  သန်းခေါင်စာရင်းကောက်ယူပြီး ပြန်လာသည့် ယွန်းတန်း အုပ်ချုပ်ရေးမှူးနှင့် လုံခြုံရေးတပ်ဖွဲဝင်များကို မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ပုလောမြိုနယ်ဖြစ်စဉ်မှာ   သန်းခေါင်စာရင်း ကောက်သည့်အဖွဲ့ကို လုံခြုံရေးယူပေးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စခန်းငါးခုကို ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက် ခံခဲ့ရခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းများအရ သိရသည်။ 
    အလားတူ ချင်းပြည်နယ် တီးတိန်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ် သူကို သန်းခေါင်စာရင်းကောက်ယူမှုတွင် ပါဝင်သည့်အတွက် PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။ 
    နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့်ပတ်သက်၍ PDF အကြမ်းဖက်များက လက်မခံကြောင်း ကြေညာထားပြီး သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်သူများကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။ ကွန်းဈာန်

Total Views ~ 162

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43739

© 2022 - 2025 News. All Rights Reserved.