သန်းခေါင်စာရင်း ရလဒ်ကြေညာပြီးပါက ရွေးကောက်ပွဲ ဆက်လက်ဆောင်ရွက်သွားမည်ဟု နစက ဥက္ကဋ္ဌ ပြောကြား

ရန်ကုန်၊ ဩဂုတ်  ၂၈
    ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ စတင်ကောက်ယူမည်ဖြစ်ပြီး ကောက်ယူမှုရလဒ်များ နိုင်ငံတော်ကို ကြေညာပြီးချိန်တွင် မဲစာရင်းပြုစုပြီး ရွေးကောက်ပွဲ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
    သြဂုတ် ၂၆ ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားရာတွင် လာမည့်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာလတွင် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း များကို စတင်ကောက်ယူသွားမည်ဖြစ်ကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ မှုရလဒ်များ နိုင်ငံတော်ကို ကြေညာပြီးချိန် တွင်မဲစာရင်းပြုစုပြီး ရွေးကောက်ပွဲကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲစာရင်းများ မှားယွင်းမှုမရှိစေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပြီး ဆန္ဒမဲပေးချိန်တွင်လည်း မှန်မှန်ကန်ကန်ဖြစ်စေရေး ဌာနဆိုင်ရာအကြီးအကဲ များနှင့် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြစေလိုကြောင်း ပြောကြားသည်။
    ထို့အပြင် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ၌ မဲမသမာမှုများသည် မဲဆန္ဒနယ် တစ်ခုတည်းတွင် ဖြစ်ပေါ်ခဲ့ခြင်းမဟုတ်ဘဲ ဒေသအလိုက် တစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်ကြောင်း၊ NLD ပါတီမှ ဗဟိုအလုပ် အမှုဆောင်အဖွဲ့များပါဝင်ပြီး အချို့ဝန်ကြီး ချုပ်များပါ ပါဝင်ကြောင်း၊ ထိုသို့ မဲမသမာမှု ပြုလုပ်နိုင်ရန်အတွက် မဲစာရင်းပြုစုရေးအဖွဲ့ ဖွဲ့ခြင်း၊ အထောက်အကူပြုအဖွဲ့ ဖွဲ့ခြင်းတို့တွင် NLD ပါတီဝင်များက ပါဝင်လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း၊ မဲမသမာမှုများကို NLD ပါတီက ဦးဆောင်၍ လုပ်ဆောင်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ မဲမသမာမှုပြုလုပ်ရာတွင် ကြိုတင်မဲပေးရာ၌ မသမာမှုပြုလုပ်ခြင်း၊ မဲစာရင်းများတွင် မသမာမှုပြုလုပ်ခြင်းစသည့် နည်းလမ်းများဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွေး ကောက်ပွဲတွင် ဆိုးရွားသည့် လုပ်ဆောင်ချက်ပင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ဆက်လက်၍ တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာ လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန်လိုကြောင်း၊ အခြားနိုင်ငံများတွင်လည်း နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေ စီစနစ်ကိုသာ ကျင့်သုံးဆောင်ရွက်နေကြကြောင်း ထည့် သွင်းပြောကြားခဲ့သည်။
ထူးမြတ်

Total Views ~ 185

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43814

© 2022 - 2025 News. All Rights Reserved.