ရန်ကုန်၊ စက်တင်ဘာ ၄
သန်းခေါင်စာရင်းမှရရှိမည့် ကိန်းဂဏန်းများသည် လက်ရှိအစိုးရလက်ထက် သာမက နောင်တက်လာမည့် အစိုးရအဆက် ဆက်ထိလည်း လက်ဆင့်ကမ်း အမွေပေး အပ်မည့် နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ အချက်အလက်များဖြစ်ကြောင်း၊ မိမိအတွက်၊ မိမိ မိသားစုအတွက်၊ မိမိသားစဉ် မြေးဆက် အတွက်၊ နိုင်ငံတော်အတွက် အနည်းဆုံး ၁၀ နှစ်စာ စီမံဆောင်ရွက်နိုင်သည့် အခြေခံ အချက်အလက်များ ရရှိစေနိုင်သည့် အကျိုးရှိသည့် လုပ်ငန်းတစ်ရပ်ကို ဆောင်ရွက်ခြင်းဖြစ်ခြင်း ကြောင့် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူခြင်းလုပ်ငန်းကြီးတွင် မှန်မှန်ကန်ကန် ဖြေကြား ခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန် အသိပေးလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။
အောက်တိုဘာ ၁ရက်မှ ၁၅ ရက် အထိ ကောက်ယူမည့် သန်းခေါင်စာရင်းအား နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ကောက်ယူမည်ဖြစ်ပြီး လက်ရှိတွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ ရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်ပြီး မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
"အိမ်တိုင်ရာရောက် မေးမြန်းမယ့် မေးခွန်းတိုင်းပေါ်မှာ သံသယစိတ်၊ စိုးရိမ်ကြောင့်ကြစိတ်များ ကင်းစွာနဲ့ နောင်အနာဂတ် မျိုးဆက်သစ်တွေအကျိုးအတွက် အမှန်ကိုအမှန်အတိုင်း အမှားအယွင်းမရှိအောင် ယုံယုံကြည်ကြည် ဖြေကြားကြဖို့လို အပ်ပါတယ်။ သန်းခေါင်စာရင်းအတွက် ထုတ်ပြန်ထားတဲ့ ၂၀၁၃ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေကလည်း ပြည်သူတွေရဲ့ ကိုယ်ရေးအချက် အလက်တွေကို လုံခြုံမှုအကာအကွယ်ပေး ထားပြီးဖြစ်ကြောင်း အသိပေးပြောကြား လိုပါတယ်"ဟု နစကဥက္ကဋ္ဌက ပြောကြားသည်။
"ထို့အပြင်နိုင်ငံတော်၏ လက်ရှိနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်နိုင်ရန်အတွက် တိကျမှန်ကန်သည့် လူ ဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ အမှန်တကယ်ရရှိရန် လိုအပ်ခြင်းကြောင့် သန်းခေါင်စာရင်းကို ကောက်ယူရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ကောက်ယူဖို့ စီမံခန့်ခွဲ လျက်ရှိပါတယ်။ ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းအဆင့်ဆင့်ကိုလည်း လွန်ခဲ့တဲ့နှစ်တွေကစပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လာတာ လက်ရှိအခြေအနေမှာ မြေပြင်ကွင်းဆင်း စာရင်းကောက် ဖို့အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်" ဟု နစကဥက္ကဋ္ဌက ပြောကြားသည်။
လာမည့် ၂၀၂၅ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲပြု လုပ်သွားမည်ဖြစ်ကြောင်းနှင့် ယခုကောက်ခံသည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ရလဒ်များကြေ ညာပြီးသည်နှင့် ရွေးကောက်ပွဲကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြားထားသည်။
ထူးမြတ်